Main menu

၂၀၂၆ ခုနှစ်၏ ပထမ ၄ လအတွင်း စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှု ၅.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့် ဗီယက်နမ်

Powered by Drupal

         ၂၀၂၆ ခုနှစ်၏ပထမလေးလအတွင်း ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ရေလုပ်ငန်းဆိုင်ရာထုတ်ကုန်များတင်ပို့မှုတန်ဖိုးသည် ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၃.၀၄ ဘီလီယံ ရောက်ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ဧပြီလတစ်လတည်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၀၅ ဘီလီယံ ခန့်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင်လည်း ၀.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုစုစုပေါင်းတန်ဖိုးအတွင်း စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၂.၁၆ ဘီလီယံ (၁.၅ ရာခိုင်နှုန်း မြင့်တက်)၊ မွေးမြူရေးထုတ်ကုန်များမှာ အမေရိကန် ဒေါ်လာ ၂၄၅ သန်း (၄၅.၅ ရာခိုင်နှုန်း မြင့်တက်)၊ ရေလုပ်ငန်းထုတ်ကုန်များမှာ အမေရိကန် ဒေါ်လာ ၃.၅၉ ဘီလီယံ (၁၁.၉ ရာခိုင်နှုန်း မြင့်တက်) နှင့် သစ်တောထုတ်ကုန်များမှာ အမေရိကန် ဒေါ်လာ ၅.၈၂ ဘီလီယံ (၀.၈ ရာခိုင်နှုန်း မြင့်တက်) တို့ဖြစ်ကြောင်း သိရပါသည်။ အာရှဒေသသည် စုစုပေါင်းတင်ပို့မှု၏ ၄၄.၁ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိ နေပြီး ၎င်း၏နောက်တွင်အမေရိကက (၂၀.၉ ရာခိုင်နှုန်း) နှင့် ဥရောပက(၁၅.၈ ရာခိုင်နှုန်း) တို့ဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ အာရှသို့ တင်ပို့မှုတန်ဖိုးမှာ ၁၁.၅ ရာခိုင်နှုန်း၊ ဥရောပသို့ ၃.၇ ရာခိုင်နှုန်း၊ သမုဒ္ဒရာပိုင်းဒေသသို့ ၁၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကနှင့် အာဖရိကသို့ တင်ပို့မှုများမှာ ၃.၅ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ သည် စုစုပေါင်းတင်ပို့မှု၏ ၂၁.၁ ရာခိုင်နှုန်းဖြင့် အကြီးဆုံးဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည် နေပြီး ၎င်း၏နောက်တွင်အမေရိက (၁၈.၅ ရာခိုင်နှုန်း) နှင့် ဂျပန် (၇ ရာခိုင်နှုန်း) တို့က ရပ်တည် နေကြောင်း သိရပါသည်။ တရုတ်သို့ တင်ပို့မှု ၂၈.၈ ရာခိုင်နှုန်း နှင့် ဂျပန်သို့ ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း အမေရိကသို့တင်ပို့မှုများမှာ ၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ အဓိကကုန်ပစ္စည်းများ၏ ပို့ကုန်အခြေအနေမှာ မတူညီသော လမ်းကြောင်းများကို ပြသခဲ့ကြောင်း သိရပါသည်။ ငရုတ်ကောင်းနှင့် သစ်သီးဝလံများသည် ထင်ရှားစွာတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၁၄.၄ သန်း တန်ဖိုးရှိသော ငရုတ်ကောင်း တန်ချိန် ၉၅,၁၀၀နှင့် အမေရိကန် ဒေါ်လာ ၂.၀၆ ဘီလီယံ တန်ဖိုးရှိသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များတင်ပို့ခဲ့ကြောင်း သိရပါသည်။ တစ်ဖက်တွင် ကော်ဖီတင်ပို့မှုသည် ပမာဏအရ ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဈေးနှုန်းကျဆင်းမှုကြောင့် တန်ဖိုးအရ ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ရော်ဘာနှင့် သီဟိုဠ်စေ့များသည်လည်း တန်ဖိုးအနည်းငယ်ကျဆင်းခဲ့ပြီး ဆန်တင်ပို့မှုမှာ ၁၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ လက်ဖက်တင်ပို့မှုမှာ ပမာဏနှင့် တန်ဖိုးနှစ်မျိုးလုံး ကျဆင်းခဲ့ကြောင်း သိရပါသည်။ တိုးတက်မှုများကို တရုတ်ဈေးကွက်တွင် အထူးသဖြင့် တွေ့ရှိရပြီး ကော်ဖီ၊ ဆန်နှင့် သစ်သီးဝလံများအတွက် တင်သွင်းမှုများမှာ ၈၀.၈ ရာခိုင်နှုန်း၊ ၄၄.၄ ရာခိုင်နှုန်းနှင့် ၄၉.၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အမေရိကန်ဈေးကွက်တွင် ငရုတ်ကောင်းတင်ပို့မှု ၅၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ထိုင်းတွင် သီဟိုဠ်စေ့တင်ပို့မှု ၅၈.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသို့ ရော်ဘာတင်ပို့မှုမှာလည်း နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ဖက်တွင် ဖိလစ်ပိုင်၊ ဘရာဇီး၊ ကို့တ်ဒီဗွာနှင့် ယူအေအီးတို့ကဲ့သို့သော ဈေးကွက်များတွင် တင်ပို့မှုကျဆင်းခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းပြောင်းလဲမှုများသည် ပို့ကုန်စွမ်းဆောင်ရည်ကို ထိခိုက်စေသည့် အဓိကအချက်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၆ ခုနှစ်၏ ပထမလေးလအတွင်း စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ရေလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များ၏ စုစုပေါင်းတင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၇.၆၅ ဘီလီယံခန့် ရောက်ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုစုစုပေါင်းတန်ဖိုးအတွင်း စိုက်ပျိုးရေးထုတ်ကုန်များမှာ အမေရိကန်ဒေါ်လာ ၁၁.၅၁ ဘီလီယံ (၁၆.၂ ရာခိုင်နှုန်း မြင့်တက်) ထိရောက်ရှိခဲ့ပြီး မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သစ်တောထုတ်ကုန်များလည်း တင်သွင်းမှုမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)