
မြင်းခြံမြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးအချက်အချာ ကျသော မြို့နယ်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းဖြစ်သောဆေးရွက်ကြီး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ များအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက် ရှိပါသည်။ မြင်းခြံမြို့နယ်အတွင်း ဆောင်းကြက်သွန်နီ စိုက်ဧက (၈၆၀၉) ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရသည်။ ဧပြီလ ဒုတိယပတ်၌ ကြက်သွန်စိုက် ဧက၏ တစ်ဝက်ကျော် တူးဖော်ရိတ်သိမ်းလျက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ဆီမီးခုံရွာ၊ နဘူးအိုင်ရွာ၊ ဇီးပင်ကန်ရွာ၊ ထနောင်းတိုင်ရွာ၊ ကျားတိုင်ရွာ၊ သင်ပြွန်းရွာ၊ ဖက်ပင်အိုင်ရွာ၊ ကတောရွာနှင့် တလုပ်ရွာတို့တွင် အများဆုံးစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလား ထိပ်မောက် မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန် နီ(၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၂၇)ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၃၆၀၀) ပိဿာခန့်ထွက်ရှိကြောင်း ၊ စိုက်ခင်းဈေး ဆောင်းကြက်သွန်နီ (ဂျွန်)အစစုံ (၁)ပိဿာလျှင် (၁၃၀၀) ကျပ် အထိစျေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခု ၂၀၂၆ခုနှစ်၊ ဧပြီတတိယပတ်၌ ကြက်သွန်နီ(ဆောင်း) အကြီး(၁)ပိဿာလျှင်(၁၄၀၀-၁၆၀၀)ကျပ်၊ အလတ်(၁) ပိဿာ လျှင် (၁၂၀၀-၁၃၀၀)ကျပ်၊ အသေး(၁) ပိဿာလျှင် (၉၀၀-၁၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ၊ရောင်းဝယ်မှုအနေဖြင့် ပွဲစား များမှ စိုက်ခင်းအထိသို့ လာရောက် ဝယ်ယူကြကြောင်း၊ တောင်သူများ ကိုယ်တိုင်မြို့ပေါ်ရှိ ပွဲရုံများသို့ လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီး (၁၈-၁၉) ကျပ်ခန့် အကျိုးအမြတ်ရကြောင်း၊ သင်ပြွန်းကျေးရွာမှ ကြက်သွန်နီစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ DOCA(မန္တလေး)
