
ကမ္ဘာ့အဓိကဈေးကွက်များတွင် Robusta ကော်ဖီစေ့နှင့် အသင့်ဖျော်ကော်ဖီများအပေါ် ဝယ်လိုအား အားကောင်းခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၂၇ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း သိရပါ သည်။ အဆိုပါကာလအတွင်း ဥရောပ၊ အနောက်အာရှနှင့် အလားအလာရှိသော ဈေးကွက်သစ်များသို့ တင်ပို့မှုပိုမိုများပြားလာခြင်းကြောင့် တင်ပို့မှုပမာဏမှာ တန်ချိန် ၁.၂၅ သိန်းတန်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အဆိုပါတိုးတက်မှုသည် ကမ္ဘာ့ကော်ဖီကုန်သွယ်မှုတွင် အိန္ဒိယနိုင်ငံ၏ ခိုင်မာသောရပ်တည်မှုကို ဖော်ပြနေပြီး၊ အထူးသဖြင့် Robusta ကော်ဖီကဏ္ဍတွင် သင့်တော်သောဈေးနှုန်းနှင့် တည်ငြိမ်သော အရည်အသွေးတို့ကြောင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းတွင် စားသုံးမှုများပြားလာခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးချဲ့လာခြင်းတို့ကြောင့် အသင့်ဖျော်ကော်ဖီ တင်ပို့မှုတွင်လည်း ဝယ်လိုအား ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
ကော်ဖီထွက်နှုန်း ကောင်းမွန်လာခြင်း၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ခြင်းနှင့် ကမ္ဘာ့ဈေးကွက်အတွင်း အကျိုးရှိသော ဈေးနှုန်းလားရာများကြောင့် ယခုကဲ့သို့ တင်ပို့မှုများ သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကော်ဖီစေ့အစိမ်း၊ လှော်ပြီးသား ကော်ဖီနှင့် အသင့်ဖျော်ကော်ဖီများအပါအဝင် အိန္ဒိယနိုင်ငံ၏ အမျိုးအစားစုံလင်သော တင်ပို့မှုပုံစံကြောင့် ကုန်သည်များသည် ဒေသတစ်ခုတည်းအပေါ် မှီခိုနေရမှုကိုလျှော့ချနိုင်ပြီး ဈေးကွက်အများအပြားသို့ ထိုးဖောက်နိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ၊ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများနှင့် ထုတ်ကုန်နောက်ကြောင်းလိုက်စစ်ဆေးနိုင်မှုတို့ကို ပိုမိုအလေးထားလာခြင်းကြောင့် နိုင်ငံတကာဝယ်ယူသူများအကြား အိန္ဒိယနိုင်ငံ၏ ယုံကြည်စိတ်ချရမှု ပိုမိုမြင့်မားလာခဲ့ပါသည်။ ရှေ့ဆက်သွားမည့် ကာလများတွင်လည်း ခိုင်မာသော ကမ္ဘာ့ဝယ်လိုအား၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုန်းနှင့် အသင့်ဖျော်ကော်ဖီထုတ်ကုန်များ စားသုံးမှုတိုးလာခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ကောင်းမွန်သော လမ်းကြောင်းပေါ်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံမှ ကော်ဖီတင်ပို့မှု တိုးတက်လာခြင်းသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စိုက်ခင်းကဏ္ဍ၏ ကြံ့ခိုင်မှုကို မီးမောင်းထိုးပြနေပြီး ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် အိန္ဒိယ၏ အခန်းကဏ္ဍသည်လည်း ပိုမိုကျယ်ပြန့်လာနေကြောင်း သိသာထင်ရှားစေကြောင်း သိရှိရပါသည်။
Source: IBEF
DOCA (ရန်ကုန်)
