
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ကျောက်ဆည်ခရိုင်အတွင်းတွင် ငရုတ် စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၁၃၁၁)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၀၃)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၆၇၆)ဧက ၊ စုစုပေါင်း(၄၉၉၀)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရ ပါသည် ။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သာမို ၊ဒီမွန် နှင့် (၆၉၂)မျိုးများဖြစ်ပြီး အထွက်နှုန်း ကောင်းသော(၆၉၂)မျိုးကိုပိုမိုစိုက်ပျိုးကြကြောင်း၊ ငရုတ်ဆောင်းကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ များတွင်စတင်စိုက်ပျိုးခဲ့ကြောင်း ၊ ငရုတ် (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက် ပိဿာ(၃၀၀-၃၅၀)ခန့်ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ငရုတ်သီး အညှာပါ အခြောက်(၁)ပိဿာလျှင် (၁၃၀၀၀/-)ကျပ် ၊ ငရုတ်သီး အညှာခြွေ(၁)ပိဿာလျှင်(၂၁၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၂၀)ဝန်းကျင် ခန့်မြတ်ကြောင်း ၊ ငရုတ်စိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက် ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။
DOCA(မန္တလေး)
