
အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသား ဆန်သိုလှောင်ပမာဏသည် သမိုင်းတလျှောက် အမြင့်ဆုံးဖြစ်သော တန်ချိန် ၅.၃ သန်းအထိ ရောက်ရှိခဲ့ကြောင်း မေလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ယနေ့တွင် ၎င်းတို့၏ ဆန်သိုလှောင်ပမာဏသည် အင်ဒိုနီးရှားလွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတလျှောက် အမြင့်ဆုံးဖြစ်သော တန်ချိန် ၅.၃ သန်းသို့ ရောက်ရှိလာခဲ့ပြီး လကုန်ပိုင်းတွင်လည်း တန်ချိန် ၅.၅ သန်းအထိ ဆက်လက်မြင့်တက်လာမည်ဟုမျှော်လင့်ထားကြောင်း၊ အဆိုပါဆန်သိုလှောင်ပမာဏ မြင့်တက်လာမှုကြောင့် စိုက်ပျိုးရေးသမားများ၏ လူနေမှုအခြေအနေ သိသိသာသာ တိုးတက် လာပြီး အင်ဒိုနီးရှားစာရင်းအင်းဌာန (BPS) ၏ အချက်အလက်များအရ စိုက်ပျိုးရေးသမားဝင်ငွေ နှုန်းထားသည် ၃၃ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့ပြင် Prabowo Subianto အစိုးရလက်ထက်တွင် စိုက်ပျိုးရေးကဏ္ဍ၏ GDP တိုးတက်မှုနှုန်းသည် ၀.၆၇ ရာခိုင်နှုန်းမှ ၅.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ BPS နှင့် Food and Agriculture Organization (FAO) ၏ အချက်အလက်များအရ အင်ဒိုနီးရှား၏ အမျိုးသားဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၃၄.၆ သန်းခန့် ရှိပြီး၊ တန်ချိန် ၄ သန်းခန့် ပိုလျှံနေကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဆန်သိုလှောင် ပမာဏသည် တန်ချိန် ၅ သန်းကျော် ရှိလာသဖြင့် အစိုးရပိုင် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Bulog သည် ဆန်သိုလှောင်ရန် ဂိုဒေါင်များထပ်မံငှားရမ်းနေရကြောင်း သိရပါသည်။ Bulog ၏ အရှေ့ဂျာဗားဒေသအကြီးအကဲ Langgeng Wisnu Adinugroho ကလည်း ရိတ်သိမ်းရာသီအတွင်း အစားအစာသိုလှောင်ပမာဏ မြင့်တက်လာမှုကို ထိန်းသိမ်းနိုင်ရန် ဂိုဒေါင်သိုလှောင် နိုင်စွမ်းကို ဆက်လက်တိုးချဲ့နေကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် Bulog အရှေ့ဂျာဗားဒေသ၌ ဂိုဒေါင် ၂၂၃ လုံးရှိပြီး ၎င်းတို့အနက် ၁၉၀ လုံးမှာ ငှားရမ်းထားခြင်းဖြစ်ကာ စုစုပေါင်း သိုလှောင်နိုင်စွမ်း တန်ချိန် ၆၅၀,၀၀၀ ရှိကြောင်း သိရပါသည်။ ထို့ပြင် ငှားရမ်းထားသော ဂိုဒေါင်များ၏ အသုံးပြုနှုန်းမှာ ၈၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ရိတ်သိမ်းရာသီအတွင်း ဆန်နှင့် စပါး ဝယ်ယူလိုအား ဆက်လက်မြင့်တက်နေပါက ဂိုဒေါင်များ ထပ်မံငှားရမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
