
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (USDA) ၏ အစီရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ ထုတ်လုပ်နိုင်မှုသည် ယခင်နှစ်တွင် တန်ချိန် ၄၆.၇ သန်းရှိရာမှ ၂၀၂၆-၂၇ ခုနှစ်အတွင်း ၃ ရာခိုင်နှုန်းထိ မြင့်တက်ကာ တန်ချိန် ၄၈ သန်းထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားသည်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနက ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ခဲ့သော “အင်ဒိုနီးရှား - ဆီထွက်သီးနှံများနှင့် ထုတ်ကုန်များ နှစ်ပတ်လည် အစီရင်ခံစာ (Indonesia - Oilseeds and Products Annual)” တွင် ၂၀၂၁ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သည့်သီးနှံများမှာ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သည့်သီးနှံမျိုးစိတ်များ ပိုမိုတိုးပွားလာကြောင်း၊ သို့သော် ၂၀၂၅ ခုနှစ်တွင် သီးနှံပင်များ တိုးချဲ့စိုက်ပျိုးရန် ကန့်သတ်ချက်များ ကျန်ရှိနေသေး ကြောင်း၊ မျိုးစေ့ရောင်းအား ဆက်လက်မြင့်တက်နေခြင်းကြောင့် ဆီအုန်းအပင်ငယ်များ စိုက်ပျိုး ထားသော်လည်း အသီးများသီးရန် လုံလောက်စွာ မကြီးထွားသေးသည့် မြေနေရာများ ပိုမိုများပြား လာကြောင်း ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနက ယခင် ၅ နှစ်အတွင်း နှစ်စဉ်စိုက်ဧက ပုံမှန်တိုးမြင့်မှုမှာ ၁၅၀,၀၀၀ ဟက်တာ အောက်လျော့နည်းလျက်ရှိသော်လည်း သီးနှံခူးဆွတ်ရန် အရွယ်မရောက် သေးသည့် စိုက်ဧရိယာ (Immature area) မှာ ၆၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ပြောခဲ့သည်။ ထို့ အပြင် အမျိုးသားအဆင့် အသေးစားလယ်သမားများ ပြန်လည်စိုက်ပျိုးရေး အစီအစဉ်အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ တစ်နှစ်လျှင် ဟက်တာ ၅၀,၀၀၀ အောက်သာ ပြန်လည်စိုက်ပျိုးခဲ့သော်လည်း လျာထားချက်မပြည့်မီခဲ့ကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများက ပြန်လည်စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုမိုတက်ကြွစွာပါဝင်ခဲ့ပြီး ယခင်စိုက်ပျိုးဆဲမြေများနှင့် အသုံးမပြုရသေးသော လုပ်ပိုင်ခွင့်ဧရိယာ များအတွင်းတွင် တိုးချဲ့လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားမိုးလေဝသဌာန (BMKG) ကလည်း ၂၀၂၆ ခုနှစ်အတွင်း နွေရာသီ စောလျင်စွာ ရောက်ရှိနိုင်ပြီး မိုးရွာသွန်းမှုနည်းပါးကာ ပြင်းထန်သော အပူလှိုင်းနှင့် ခြောက်သွေ့မှုများ ကြုံတွေ့ ရနိုင်ကြောင်း သတိထုတ်ပြန်ပေးထားသည်။
၂၀၂၅ ခုနှစ်အတွင်း အစိုးရက တရားမဝင် ဆီအုန်းစိုက်ခင်းများကို သိမ်းဆည်းခဲ့ခြင်းကြောင့် အသေးစား လယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအပေါ် ထိခိုက်စေပြီး ဓာတ်မြေဩဇာ ကဲ့သို့သော မရှိမဖြစ် လိုအပ်သည့် သွင်းအားစုများ ရပ်ဆိုင်းခံရခြင်းနှင့် စိုက်ခင်းအချို့ ပျက်စီးခြင်း တို့ကြောင့် ၂၀၂၅-၂၆ ခုနှစ် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ကြောင်း USDA က ပြောကြားခဲ့သည်။ ယင်းသက်ရောက်မှုသည် ၂၀၂၆-၂၇ ခုနှစ်ထိ ဆက်လက် ဖြစ်ပေါ်လာနိုင်သည်။
စက်မှုကဏ္ဍတွင် ဝယ်လိုအားဆက်လက်တည်ရှိနေခြင်းနှင့် စားသောက်ကုန်ကဏ္ဍတွင် အနည်းငယ် တိုးတက်လာခြင်းတို့ကြောင့် စားအုန်းဆီသုံးစွဲမှုမှာ ၂၀၂၅-၂၆ခုနှစ်တွင် တန်ချိန် ၂၂.၇ သန်းမှ ၂ ရာခိုင်နှုန်း တိုးတက်လာပြီး တန်ချိန် ၂၃.၁ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။
အင်ဒိုနီးရှားအစိုးရက ဘိုင်အိုဒီဇယ် B50 အသုံးပြု၍ လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်မှု ကို ဇွန်လအပြီး ဆောင်ရွက်လျက်ရှိပြီး ယင်းစမ်းသပ်ဆောင်ရွက်မှုအရ ၂၀၂၅ ခုနှစ်၌ B40 အသုံးပြုမှုအတွက် တစ်နှစ်လျှင် လီတာ ၁၄.၂ ဘီလီယံ လိုအပ်ခဲ့သကဲ့လို စားအုန်းဆီ ဘိုင်အိုဒီဇယ် တစ်နှစ်လျှင် ၂၀ ဘီယီယံခန့် လိုအပ်လာနိုင်မည်ဟု မျှော်မှန်းထားသည်။
အင်ဒိုနီးရှား၏ စက်မှုဆီအုန်းထုတ်လုပ်နိုင်မှုသည် ဆယ်စုနှစ်ကာလအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ဇီဝဒီဇယ်ထုတ်လုပ်မှု စွမ်းရည်သည် ယခင်နှစ်က ထက် လီတာ ၂ ဘီလီယံတိုးမြင့်ပြီး လီတာ ၂၂ ဘီလီယံအထိ ရောက်ရှိခဲ့သည်ဟု USDA က ပြော ကြားခဲ့သည်။
အင်ဒိုနီးရှား ဇီဝဒီဇယ်ထုတ်လုပ်သူများအသင်း၏ အဆိုအရ အင်ဒိုနီးရှားနိုင်ငံ၏ B50 ဇီဝ လောင်စာ ရောစပ်အသုံးပြုမှု မူဝါဒရည်မှန်းချက် (B50 blending mandate target) ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိထက် နောက်ထပ် လီတာ ၂ ဘီလီယံမှ ၃ ဘီလီယံ အထိ ပိုမိုသော ထုတ်လုပ်မှုစွမ်းအား (production capacity) လိုအပ်မည်ဖြစ်သည်။
တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများကဲ့သို့ အဓိကဈေးကွက်များ၏ ဝယ်လိုအား ဆက် လက် ကောင်းမွန်နေခြင်းကြောင့် ၂၀၂၆-၂၇ ခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှု သည် တန်ချိန် ၂၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ် ပါက ၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ခန့်မှန်းထားသည်။
အခြားသော ဟင်းသီးဟင်းရွက်ဆီများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်းရှိ ခြင်းကြောင့် တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန်ကဲ့သို့သော အဓိကဈေးကွက်များမှ ဝယ်လိုအားမှာ ဆက်လက်ခိုင်မာနေဆဲဖြစ်ကြောင်း USDA က ပြောကြားခဲ့သည်။ ပြည်တွင်းစားသုံးမှုများပြားခြင်း နှင့် ပြည်ပတင်ပို့မှုမြင့်တက်ခြင်းတို့ကြောင့် ၂၀၂၆-၂၇ ခုနှစ်တွင် စားသုံးဆီလက်ကျန်ပမာဏမှာ ၃ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၄.၃ သန်း ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားရှိပါသည်။
Source: Oils & Fats International, 27 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
