
မလေးရှားစားအုန်းဆီဈေးနှုန်းသည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေ သော စစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်းမြင့်တက်လာပြီး ဇီဝလောင်စာ (Biodiesel) ဝယ်လိုအား ပိုမို မြင့်တက်လာခြင်းနှင့် ကုန်ပစ္စည်းလက်ကျန် နည်းပါးလာနိုင်ခြင်းတို့ကြောင့် ဇူလိုင်လလယ်တွင် ၁၂ ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်ကာ တစ်တန်လျှင် ၅,၂၀၀ ရင်းဂစ် (၁,၃၁၆ ဒေါ်လာ) အထိ ရောက်ရှိ နိုင်ကြောင်း ကျွမ်းကျင်သူ Dorab Mistry က မေ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
Bursa Malaysia Derivatives Exchange ရှိ အခြေခံစားအုန်းဆီဈေးနှုန်းမှာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းတွင် ၁.၃၄ ရာခိုင်နှုန်းကျဆင်းကာ ၄,၆၄၇ ရင်းဂစ် ရှိနေသော်လည်း၊ ဖေဖော်ဝါရီလ နှောင်းပိုင်း စစ်ပွဲ စတင်ချိန်မှစ၍ တွက်ချက်လျှင် ၁၅ ရာခိုင်နှုန်းခန့်ထိ မြင့်တက်လာခဲ့သည်။
စားအုန်းဆီကဏ္ဍနှင့်ပတ်သက်ပြီး အနီးစပ်ဆုံးလေ့လာသုံးသပ်နိုင်သူ Mistry ၏ ရောင်းလို အားနှင့် ဈေးနှုန်းဆိုင်ရာခန့်မှန်းချက်များသည် ဈေးကွက်ကို မကြာခဏပြောင်းလဲမှု ဖြစ်စေနိုင် သည်။ ယခင်အပတ်၌ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းသည် လေးနှစ်တာကာလအတွင်း တစ်စည်လျှင် ၁၂၆ ဒေါ်လာကျော်ဖြစ်ခဲ့သဖြင့် ဇီဝလောင်စာထုတ်လုပ်ရာတွင် ဟင်းသီးဟင်းရွက်ဆီ အသုံးပြုမှု ကို ပိုမိုမြင့်တက်လာစေသည်။
အီရန်စစ်ပွဲစတင်ပြီးနောက် ဒီဇယ်နှင့် ဓာတ်ဆီကဲ့သို့သော သန့်စင်ပြီးလောင်စာများသည် ရေနံစိမ်းထက် သိသိသာသာမြင့်တက်လာကြောင်း Mistry က ပြောကြားခဲ့သည်။ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးခြင်း မရှိသည့် ရုပ်ကြွင်းဒီဇယ် (fossil diesel) နှင့် စားအုန်းဆီအခြေခံ ဇီဝ လောင်စာတို့အကြား ကွာဟချက်နည်းပါးသွားပြီး အချို့ဈေးကွက်တွင် စားအုန်းဆီအခြေခံ ဇီဝ လောင်စာသည် ရုပ်ကြွင်းဒီဇယ်ထက်ပို၍ ဈေးသက်သာကြောင်း ပြောကြားခဲ့သည်။
စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် B50 စားအုန်းဆီအခြေခံ ဘိုင်အိုဒီဇယ်စီမံကိန်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်စတင်မည်ဟု Mistry က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ဇီဝလောင်စာအသုံးပြုမှု သတ်မှတ် ချက်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကမ္ဘာ့အကြီးဆုံးစားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံက ဇူလိုင်လ ၁ ရက်နေ့တွင် စားအုန်းဆီအခြေခံ ဇီဝလောင်စာဆီရောနှောနှုန်းအား ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ တိုးမြင့် သွားမည်ဟု ပြောကြားခဲ့သည်။ ထိပ်တန်းထုတ်လုပ်သူများဖြစ်သည့် အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားတို့က စားအုန်းဆီနှင့်အပြိုင် ပဲပုတ်ဆီကို ဇီဝလောင်စာထုတ်လုပ်ရန်အတွက် ပိုမို အသုံးပြုလာကြသည်။
အမေရိကန်သည် ၂၀၂၆-၂၀၂၇ ဇီဝလောင်စာစီမံကိန်းကို ကြေညာခဲ့မှုကြောင့် ပဲပုတ်ဆီ ဈေးနှုန်းသည် အနာဂတ်ကာလတွင် သက်ရောက်မှုရှိနိုင်ကြောင်း၊ စားသုံးဆီဈေးနှုန်းများ မြင့်တက် လာခြင်းကြောင့် အိန္ဒိယကဲ့သို့ အဓိကစားသုံးသည့်နိုင်ငံများ၌ သိုလှောင်မှု လက်ကျန်ပမာဏ ကျဆင်းလာပြီး ဇွန်လမှစ၍ တင်သွင်းမှုများကို တိုးမြှင့်ရန် လိုအပ်လာမည်ဖြစ်ကြောင်း Mistry က ပြောကြားခဲ့သည်။
Source: Reuters, May 6, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
