Main menu

အိန္ဒိယနိုင်ငံ၌ ရောင်းလိုအား နည်းပါးမှုအရ သဘာဝရော်ဘာဈေးနှုန်းများ မြင့်တက်

Powered by Drupal

     အိန္ဒိယနိုင်ငံ၌ သဘာဝရော်ဘာဈေးကွက်သည် ရောင်းလိုအားနည်းပါးသည့် အခြေအနေ တွင် တစ်ကီလိုဂရမ်လျှင် ၂၅၃ ရူပီးနှုန်းဖြင့် စံချိန်အသစ်သို့ရောက်ရှိလျက် အရောင်းအဝယ် ပြန်လည်သွက်လက်လာပြီး Kottayam ဒေသအတွင်း အချို့နေရာများတွင် တစ်ကီလိုဂရမ်လျှင် ရူပီး ၂၆၀ နှုန်းခန့် အထိ ရောက်ရှိလာကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြ ပါသည်။

     အိန္ဒိယရော်ဘာကုန်သည်များအသင်းချုပ်၏ ဥက္ကဋ္ဌ George Valy က အနောက်အာရှဒေသ ၌ စစ်ပွဲဖြစ်ပွားနေမှုနှင့်အတူ ရော်ဘာခြံလုပ်ငန်း ဆောင်ရွက်သည့် နယ်မြေဒေသများတွင် မိုး ရွာသွန်းမှုနည်းပါးလျက် အပူချိန်မြင့်တက်မှုကြောင့် ထုတ်လုပ်မှုကျဆင်းခြင်းက ရော်ဘာဈေးနှုန်း များကို သိသာစွာမြင့်တက်လာစေကြောင်း၊ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရော်ဘာ စိုက်ပျိုးရာဒေသများတွင် နွေရာသီကာလ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခြင်း က ထုတ်လုပ်မှုကို တိုးတက်လာစေမည်ဟု မျှော်လင့်ရပြီး အနောက်အာရှဒေသ နိုင်ငံရေးတင်းမာ မှုများသည်လည်း ရှေ့လာမည့်ရက်များ၌ သက်သာဖွယ်ရှိသည့် အရိပ်လက္ခဏာများအရ ဈေးနှုန်း မြင့်တက်မှုမှာ လျော့ပါးလာနိုင်ကြောင်း၊ ရော်ဘာဈေးနှုန်းများ အမြင့်တန်းသို့ ရောက်ရှိနေမှုသည် ယခင်ကာလများ၌ အစေးခြစ်ခြင်း ပြုလုပ်မှုမရှိသော နယ်မြေဧရိယာများတွင် အစေးခြစ်လုပ်ကိုင် လာရန် တွန်းအားပေးလျက်ရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက်အတွင်းသို့ ရော်ဘာကုန်ကြမ်းများ ဝင်ရောက်မှုမှာ တိုးပွားလာနိုင်ကြောင်း ပြောဆိုခဲ့သည်။

     အိန္ဒိယပြည်တွင်းဈေးကွက်၌ ရော်ဘာဈေးနှုန်းများ မြင့်တက်မှုသည် တစ်ကီလိုဂရမ်လျှင် ၂၈၈ ရူပီးနှုန်းခန့်အထိ မြင့်တက်လာသော ကမ္ဘာ့ရော်ဘာဈေးနှုန်း မြင့်တက်မှုလမ်းကြောင်းနှင့် ရှေ့ နောက် ညီညွတ်လျက်ရှိသည်ဟု ကုန်သည်များက ပြောဆိုကြသည်။

     ထောက်ပံ့ပေးသွင်းမှု ပြတ်လပ်ခြင်းနှင့် စက်မှုလုပ်ငန်းသုံးဝယ်လိုအား ခိုင်မာတည်တံ့ခြင်း တို့ကြောင့် ရော်ဘာဈေးနှုန်းများသည် ကျိုးကြောင်းညီညတ်စွာ မြင့်တက်လျက်ရှိသည်။ ရော်ဘာ အဓိက စိုက်ပျိုးထုတ်လုပ်ရာဒေသများ၌ အစေးခြစ်လုပ်ငန်းများ ရပ်ဆိုင်းနေခြင်းသည် ရောင်းလို အားကို လျော့ကျစေလျက်ရှိသည်။ စက်မောင်းဆီဈေးနှုန်းများ ကြီးမြင့်မှုနှင့် အရှေ့တောင်အာရှ ဒေသတွင် ရော်ဘာထုတ်လုပ်မှု ပြတ်လပ်ခြင်းသည် နိုင်ငံတကာ ရော်ဘာဈေးနှုန်းများကို မြင့်တက် စေသည့်အပြင် အိန္ဒိယပြည်တွင်း ဈေးနှုန်းများအပေါ်ကိုလည်း သက်ရောက်လျက်ရှိသည်။

     ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်မည့် အခြေအနေကို မျှော်မှန်းလျက် ရော်ဘာစိုက် တောင်သူများသည် ၎င်းတို့လက်ဝယ်၌ ကုန်များကို သိုလှောင်ထိန်းသိမ်းထားကြသည်ဟု သတင်း ပေးပို့မှုများရှိကြောင်း၊ သို့သော် ကုန်ကြမ်းများ၏ အရည်အသွေးကို ထိခိုက်နိုင်ခြေရှိမှုအရ ၎င်းတို့ အနေဖြင့် အချိန်ကြာမြင့်စွာ သိုလှောင်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ ဖေဖော်ဝါရီ-မတ်-ဧပြီ ကာလ များအတွင်း အပူချိန်မြင့်မားမှုကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းကို ကြီးမားစွာထိခိုက်မှုရှိပြီး ထုတ်လုပ်မှု ဆိုင်းငံ့ထားရခြင်း တစ်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း George Valy က ပြောဆိုခဲ့သည်။

     ရော်ဘာအဓိကစိုက်ပျိုးထုတ်လုပ်ရာ Kerala ပြည်နယ်၌ United Democratic Front ပါတီ က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် သဘာဝရော်ဘာဈေးနှုန်းကို တစ်ကီလိုဂရမ်လျှင် ရူပီး ၂၅၀ နှုန်း သတ်မှတ်ပေးမည်ဟူသော ရွေးကောက်ပွဲဝင် ကြေညာစာတမ်းကို အကောင်အထည် ဖော်လျက် ကြမ်းခင်းဈေးနှုန်း ထုတ်ပြန်ပေးရန် ရော်ဘာစိုက် တောင်သူများ အသိုင်းအဝန်းက မျှော်လင့်လျက်ရှိသည်။ ၎င်းတို့အနေဖြင့် လက်ရှိကာလ၌ မိုးရွာသွန်းမှုနှင့် မေလ လလယ်ပိုင်းတွင် အနောက်တောင်မုတ်သုံလေ ဝင်ရောက်လာမည့် အခြေအနေများအရ ယခုထုတ်လုပ်ရေးရာသီ ကာလအတွင်း ရော်ဘာအထွက် ပိုမိုရရှိရန် မျှော်မှန်းလျက်ရှိကြကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, May 8, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)