
ဗီယက်နမ်၏ မော်ရိုကိုနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးရုံးသည် ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များနှင့် မော်ရိုကိုနိုင်ငံမှ တင်သွင်းသူများ၊ ဖြန့်ချိရေးကွန်ရက်များအကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Casablanca မြို့တွင် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၁၂ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါသည်။ အဆိုပါပွဲသို့ Casablanca Chamber of Commerce မှ ကိုယ်စားလှယ်များအပြင် တင်သွင်းရေး၊ ဖြန့်ချိရေး၊ စူပါမားကတ်လက်လီရောင်းချရေးနှင့် နိုင်ငံတကာကုန်သွယ်ရေးကဏ္ဍများတွင် လုပ်ကိုင်နေသည့် မော်ရိုကိုကုမ္ပဏီ ၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ တက်ရောက်သူများက ဗီယက်နမ်နိုင်ငံသည် အာရှဒေသတွင်း စီးပွားရေးအရ အပြန်အလှန်ချိတ်ဆက်မှု အနက်ရှိုင်းဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များတွင် ကျယ်ပြန့်စွာပါဝင်ထားကာ ကမ္ဘာလုံး ဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍတစ်ရပ် ရရှိလာနေကြောင်း ထောက်ပြပြောဆိုခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဗီယက်နမ်၏ စီးပွားရေးအလားအလာများနှင့် ကော်ဖီ၊ သီဟိုဠ်စေ့၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ရေထွက်ကုန်များ၊ ပြုပြင်ထုတ်လုပ်ထားသည့် အစားအစာများ၊ မုန့်နှင့် စားသုံးကုန်ပစ္စည်းများအပါအဝင် အဓိကပို့ကုန် ပစ္စည်းများကို မော်ရိုကိုစီးပွားရေးအသိုင်းအဝိုင်းထံ မိတ်ဆက်ပေးခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ဘက်ကလည်း ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် Vietnam International Sourcing 2026 (VIS 2026) အကြောင်းကို အသိပေးခဲ့ပြီး ထိုပွဲသည် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား တိုက်ရိုက်ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ထားကြောင်း သိရပါသည်။ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏အဆိုအရ မော်ရိုကိုလုပ်ငန်းရှင်များက ဗီယက်နမ်ထုတ်ကုန်များသည် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဒီဇိုင်းမျိုးစုံကွဲပြားသည့်အပြင် ဒေသတွင်းဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း သုံးသပ်ခဲ့ကြပါသည်။ ထို့ပြင် စိုက်ပျိုးရေးထုတ်ကုန်များ၊ ပြုပြင်ထုတ်လုပ်ထားသည့် အစားအစာများနှင့် စားသုံးကုန်ပစ္စည်းများကဏ္ဍတွင် ဗီယက်နမ်ထုတ်လုပ်သူများနှင့် ရေရှည်တိုက်ရိုက်တင်သွင်းရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုကြောင်းလည်း စိတ်ဝင်စားမှုကိုဖော်ပြခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှုများမှာ လွန်ခဲ့သည့်နှစ်များအတွင်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၃၈၀ ခန့်ရှိခဲ့ကာ ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် မော်ရိုကိုသည် အာဖရိကဒေသအတွင်း ဗီယက်နမ်၏ အကြီးဆုံးပို့ကုန်ဈေးကွက် ၁၀ ခုစာရင်းဝင်နိုင်ငံတစ်နိုင်ငံဖြစ်နေကြောင်း သိရပါသည်။ General Confederation of Moroccan Enterprises ၏ ဥက္ကဌ Chakib Alj က မော်ရိုကိုနှင့် ဗီယက်နမ်အကြား ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိကနှင့် အာရှနိုင်ငံများအကြား မိတ်ဖက်ဆက်ဆံရေးအတွက် စံပြနမူနာတစ်ရပ် ဖြစ်လာနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးတံခါးဖွင့်လှစ်မှုအများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန် ပြုပြင်ထုတ်လုပ်ရေး၊ အီလက်ထရွန်းနစ်နှင့် ပညာရေးကဏ္ဍများတွင် ထင်ရှားသည့်အားသာချက်များရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်အတွင်း ဗီယက်နမ် ကုန်သွယ်ရေးရုံးသည် SIAM agricultural exhibition နှင့် SIEMA food expo အပါအဝင် မော်ရိုကိုနိုင်ငံရှိ အဓိကကုန်စည်ပြပွဲများမှတစ်ဆင့် ဗီယက်နမ်ကုန်ပစ္စည်းများကို ဆက်လက်အရောင်းမြှင့်တင်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
