Main menu

စျေးနှုန်းမတည်ငြိမ်မှုများရှိနေသော်လည်း ပထမသုံးလပတ်တွင် ဗီယက်နမ်၏ ဒူးရင်းသီးပို့ကုန်များ အရှိန်အဟုန်ဖြင့် မြင့်တက်လာ

Powered by Drupal

           စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ စျေးနှုန်းပိုမိုမြင့်မားသော ဒူးရင်းသီးအေးခဲအနှစ် တင်ပို့မှု လျင်မြန်စွာတိုးတက်လာခြင်းသည် ဗီယက်နမ်ဒူးရင်းသီးပို့ကုန်ကဏ္ဍ အားကောင်းစွာ ပြန်လည်ဦးမော့လာစေသည့် အဓိကတွန်းအားဖြစ်ကြောင်း သိရပါသည်။

          ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးပို့ကုန်စုစုပေါင်းပမာဏမှာ တန်ချိန် ၈၀,၀၀၀ ကျော်ရှိပြီး၊ ၎င်းအနက် လတ်ဆတ်ဒူးရင်းသီး တန်ချိန် ၆၈,၅၀၀ ခန့်နှင့် ဒူးရင်းသီးအေးခဲအနှစ် တန်ချိန် ၁၁,၆၀၀ နီးပါး ပါဝင်နေကြောင်း သိရပါသည်။ ဒူးရင်းသီးအေးခဲအနှစ်သည် ပို့ကုန်တန်ဖိုး တိုးတက်မှုအတွက် အဓိကမောင်းနှင်အား ဖြစ်ခဲ့ပါသည်။ ယခုနှစ် အလားတူကာလအတွင်း ဒူးရင်းသီးအေးခဲအနှစ်၏ ပျမ်းမျှပို့ကုန်စျေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၃၀၂ ခန့် ရှိခဲ့ရာ၊ ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး လတ်ဆတ်ဒူးရင်းသီးထက် ၁၈ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားခဲ့ကြောင်း သိရပါသည်။

           စျေးကွက်သစ်များသို့ တင်ပို့မှုမှာလည်း သိသိသာသာ ကျယ်ပြန့်လာခဲ့ပြီး၊ ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်သို့ တင်ပို့မှု ၁၀၇ ရာခိုင်နှုန်းကျော်၊ တောင်ကိုရီးယားသို့ ၂၆၂ ရာခိုင်နှုန်းနီးပါး၊ သြစတြေးလျသို့ ၄၀ ရာခိုင်နှုန်းကျော်နှင့် ဂျပန်သို့ ၁၂ ရာခိုင်နှုန်းနီးပါး အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရပါသည်။

          ပို့ကုန်လုပ်ငန်းတွင် အားကောင်းသော စွမ်းဆောင်ရည်ရှိသော်လည်း ပြည်တွင်းရှိ ဒူးရင်းသီးစျေးနှုန်းများမှာ ဆက်လက်မတည်ငြိမ်ဘဲရှိနေကာ အကြီးဆုံးပို့ကုန်စျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသည်လည်း ဝယ်ယူမှုမူဝါဒများ မရေရာမှုကြောင့် စွန့်စားရနိုင်ခြေရှိသော စျေးကွက်အဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ကြောင်း သိရပါသည်။

         ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ယခုကဲ့သို့ စျေးနှုန်းပြန်လည်တက်လာရခြင်းမှာ တရုတ်နိုင်ငံမှ ဝယ်လိုအား ပိုမိုတည်ငြိမ်လာခြင်းနှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ဒူးရင်းသီးထွက်ရှိမှု အနည်းငယ် လျော့နည်းသွားခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         ထို့အပြင် ကက်ဒမီယမ် (Cadmium) ဓာတ်ကြွင်းများ ပါဝင်နေမှုနှင့် Auramine O ဆိုးဆေး အလွန်အကျွံသုံးစွဲမှုစသည့် ပြဿနာများသည် တရုတ်နိုင်ငံသို့ တင်ပို့မှုအပေါ် ဆက်လက်သက်ရောက်မှုရှိနေပြီး စျေးနှုန်းမတည်ငြိမ်မှုကိုဖြစ်စေကြောင်း ၎င်းက သတိပေးခဲ့ပါသည်။ ထောက်ပံ့မှုပမာဏ တိုးလာခြင်းနှင့် ထိုင်းနိုင်ငံ၏ ရိတ်သိမ်းရာသီနှင့် တိုက်ဆိုင်နေခြင်းတို့ကလည်း စျေးနှုန်းအပေါ် ဖိအားဖြစ်စေခဲ့ကြောင်း သိရပါသည်။

            စက်မှုလုပ်ငန်းတွင်း သတင်းရင်းမြစ်များအရ ဗီယက်နမ်၏ လတ်ဆတ်ဒူးရင်းသီး တင်ပို့မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံက ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း သိရပါသည်။ သို့သော်လည်း သွင်းကုန်မူဝါဒများ မကြာခဏပြောင်းလဲခြင်းကြောင့် စျေးနှုန်းနှင့် ဝယ်လိုအားတို့တွင် မရေရာမှုများ ဆက်လက်ဖြစ်ပေါ်နေစေကြောင်း သိရပါသည်။

            မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ရိတ်သိမ်းမှုအပြီးတွင် အရှေ့တောင်ပိုင်းဒေသနှင့် ဗဟိုကုန်း မြင့်ဒေသတို့၌ မေလမှ ဇူလိုင်လနှင့် သြဂုတ်လမှ နိုဝင်ဘာလများတွင် ဒူးရင်းသီးများ အသီးသီး လှိုင်လှိုင်ထွက်ရှိမည်ဖြစ်ပြီး အဓိကအားဖြင့် ထိုင်းဒူးရင်းသီးမျိုးစိတ်များ အမြောက်အမြား ထွက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။ ယင်းအခြေအနေကြောင့် စျေးနှုန်းထိုးကျမည်ကို ဆက်လက်စိုးရိမ်မှုများ မြင့်တက်လျက်ရှိပြီး စိုက်ပျိုးရေးစံနှုန်းများကို တင်းကျပ်ရန်၊ စိုက်ပျိုးဧရိယာများကို စနစ်တကျစီမံရန်နှင့် စစ်ဆေးမှုနှင့် လိုက်နာဆောင်ရွက်မှု စွမ်းရည်များကို မြှင့်တင်ရန် လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Tuoitre                                                                         

DOCA (ရန်ကုန်)