
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မြောက်ဇီးကုန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး အာလူး၊ ကြက်သွန်နီ၊ ငရုတ်၊ နှမ်းနှင့်အခြားပဲမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရသည်။
မြောက်ဇီးကုန်းကျေးရွာနေတောင်သူတစ်ဦးမှ၎င်းအနေဖြင့် နွေနှမ်းကို စက်ရေတင်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးပြီး နှမ်းနက်နှင့် နှမ်းဖြူ ကိုစိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် နှမ်းနက်မျိုးကို အများဆုံး စိုက်ပျိုးကြောင်း၊(၂)ဧကစိုက်ပျိုးထားကြောင်း (၁)ဧကလျှင် မျိုး(၆)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုး(၁) ပြည်လျှင် ကျပ်(၂၅၀၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် (၁)ဧကလျှင် မြေပြုပြင်ခ၊ လုပ်အားခ၊ မျိုးဘိုး၊ မြေဆီဘိုးနှင့် ရေသွင်းစိုက်ပျိုးရ သောကြောင့် ဒီဇယ်ဘိုးအပါအဝင် စုစုပေါင်း ကျပ်(၆၅၀၀၀၀)ခန့် ကုန်ကျကြောင်း၊ နွေနှမ်းသည် ထွန်ယက်စိုက်ပျိုး ပြီးသည်အချိန်မှစ၍ (၃)လ ကျော်ခန့်တွင်ရိတ်သိမ်းနိုင်ကြောင်း၊ ၂၀၂၆ခုနှစ်မေလ (တတိယပတ်)တွင် စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ (၁)ဧကလျှင် နှမ်း(၈)တင်းထွက်ရှိပြီး (၁)တင်း လျှင် ကျပ်(၁၈၀၀၀၀) ဈေးရရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်သောကြောင့် အထွက်နှုန်းတိုးလာကြောင်း၊ အကျိုးအမြတ် အနေဖြင့်(၁)ဧကလျှင် ကျပ်(၇၉၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆင်ဖြူကျွန်းမြို့နှင့် စလင်းမြို့သို့ တင်ပို့ရောင်းချကြောင်း မြောက်ဇီးကုန်းကျေးရွာနေ တောင်သူတစ်ဦး၏ပြောကြားအရ သိရှိရပါသည်။
DOCA(မကွေး)
