
လားရှိုးမြို့တွင် မိုးရာသီကာလ၌ အဖြစ်များသည့် ဝမ်းပျက်ဝမ်းလျှောရောဂါများမှ ကာကွယ်နိုင်ရန်နှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက် များကို စားသုံးနိုင်ရန်အတွက် (၁၄.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့မဈေး အတွင်းရှိ စားသောက်ဆိုင်များနှင့် စားသောက်ကုန်ရောင်းချသည့် ဆိုင်ခန်းများကို ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးနှင့်ဈေးကော်မတီအဖွဲ့ဝင်များပူးပေါင်းပါဝင်ခဲ့ကြပြီးမြို့မဈေးအတွင်းရှိစားသောက်ဆိုင်များနှင့် စားသောက် ကုန် ရောင်းချသည့် ဆိုင်ခန်းများတွင် ရောင်းချနေသော စားသောက်ကုန်များအား သန့်ရှင်းလတ်ဆတ်မှု ရှိစေရေးအထူးဂရုပြုရန်၊ ယင်ကောင်မနားစေရန် ဖုံးအုပ်ရောင်းချရန်နှင့် ချက်ပြုတ်ရာတွင် သန့်ရှင်း သောရေကို အသုံးပြုရန် စသည့်တို့ကို လမ်းညွှန်ခဲ့ကြောင်း သိရသည်။ တစ်ဆက်တည်းတွင် စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ ပါဝင်မှုရှိ/မရှိနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ သေချာစွာစစ်ဆေးဝယ်ယူရန်၊ ခွင့်မပြုဆိုးဆေးပါဝင်သော အစားအစာများကို ရှောင်ကြဉ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးသည် အဓိကဖြစ်သဖြင့် ကျန်းမာရေးထိခိုက်မှု တစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မိမိတို့၏ အခွင့်အရေးကိုသိရှိနားလည်ကာဘေးကင်းစိတ်ချရသည့်စားသုံးမှုပုံစံကို ကျင့်သုံးကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
