Main menu

ဗီယက်နမ်တွင် နို့ထွက်ပစ္စည်းကုန်သွယ်မှုမြှင့်တင်မည့် အိုင်ယာလန်

Powered by Drupal

         အိုင်ယာလန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးဦးစီးဌာနလက်အောက်ရှိ အစိုးရအေဂျင်စီဖြစ်သည့် Bord Bia သည် ဗီယက်နမ်နိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ယခုမေလအတွင်း ကုန်သွယ်မှုမြှင့်တင်ရေးလှုပ်ရှားမှု အစီအစဉ်တစ်ရပ်ကို စတင်ဆောင်ရွက်နေကြောင်း သိရပါသည်။ အဆိုပါလှုပ်ရှားမှု၏အဓိကအစီအစဉ်တစ်ခုအဖြစ် မေလ ၂၈ ရက်မှ ၃၁ ရက်အထိ ဟနွိုင်းမြို့၌ကျင်းပမည့် နိုင်ငံတကာနို့နှင့် နို့ထွက်ပစ္စည်းပြပွဲတွင် Bord Bia က ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။ Bord Bia ၏ အရှေ့တောင်အာရှဈေးကွက် မန်နေဂျာ Lorna Allen က ယခုအခမ်းအနားသည် ဗီယက်နမ်ဈေးကွက်အတွင်း အိုင်ယာလန်မှ ဥရောပနို့ထွက်ပစ္စည်းများကို အရောင်းမြှင့်တင်သည့် သုံးနှစ်စီမံကိန်း၏ ပထမနှစ်ပြီးဆုံးမှုကို အမှတ်အသားပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အခမ်းအနားများပြီးဆုံးပြီးနောက် ဇွန်လတွင် ဗီယက်နမ်မိတ်ဖက်လုပ်ငန်းရှင်များအား အိုင်ယာလန်သို့ လေ့လာရေးခရီးသွားရောက်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး အိုင်ယာလန်၏ ထုတ်လုပ်မှုစနစ်နှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) လုပ်ငန်းများကို ကိုယ်တိုင်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ယခင် မေလ ၁၂ ရက်နေ့တွင်လည်း Bord Bia သည် Ho Chi Minh City ၌ ကျင်းပသော “အိုင်ယာလန်မှ ဥရောပနို့ထွက်ပစ္စည်း” ဆိုင်ရာအထူးဆွေးနွေးပွဲတွင်ပါဝင်ခဲ့ပြီး ဗီယက်နမ်ရှိ ထိပ်တန်းအစားအသောက်နှင့် အဖျော်ယမကာ (F&B) ကုမ္ပဏီများမှ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် အိုင်ယာလန်သံတမန်ကိုယ်စားလှယ်များက ဗီယက်နမ်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံမှုတိုးမြှင့်ရန်နှင့် အရည်အသွေးမြင့် စိုက်ပျိုးရေးကုန်ကြမ်းများပံ့ပိုးပေးရန် အိုင်ယာလန်အစိုးရ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုပြောကြားခဲ့ကြောင်း သိရပါသည်။ Bord Bia သည် ကမ္ဘာတစ်ဝန်းရှိ အိုင်ယာလန်၏ အစားအသောက်၊ အဖျော်ယမကာနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ဈေးကွက်သစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရောင်းမြှင့်တင်ရန် တာဝန်ယူဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းအင်းများအရ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ နို့နှင့် နို့ထွက်ပစ္စည်းတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သို့အဓိက တင်ပို့သည့် နိုင်ငံများတွင် နယူးဇီလန်၊ အမေရိကန်၊ ဩစတေးလျ၊ အိုင်ယာလန်နှင့် ဂျာမနီတို့ပါဝင်ကြောင်း သိရပါသည်။ ဈေးကွက်သုတေသနအဖွဲ့များက ဗီယက်နမ်၏နို့ထွက်ပစ္စည်းဈေးကွက်တွင် တိုးတက်မှုအလားအလာများ ဆက်လက်ရှိနေကြောင်း သုံးသပ်ထားကြပါသည်။ IMARC Group ၏ အချက်အလက်များအရ ဗီယက်နမ်နို့ထွက်ပစ္စည်းဈေးကွက်တန်ဖိုးမှာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၇၁ ဘီလီယံရှိခဲ့ပြီး ၂၀၃၃ ခုနှစ်တွင် ၁၃.၃၇ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ၂၀၂၅ မှ ၂၀၃၃ ကာလအတွင်း နှစ်စဉ်ပျမ်းမျှ တိုးတက်နှုန်း (CAGR) သည် ၉.၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရပါသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသား တစ်ဦးချင်းစီ၏ နှစ်စဉ် နို့သုံးစွဲမှုမှာ ၂၇ လီတာခန့်ရှိပြီး နှစ်စဉ် ၇ မှ ၈ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                             

DOCA (ရန်ကုန်)