
ဗဟိုအစိုးရသည် လာမည့် ၂၀၂၆ မိုးသီးနှံရာသီအတွက် ဓာတ်မြေဩဇာ လုံလောက်မှုရှိစေ ရေးအတွက် ကြိုးပမ်းမှုများ အရှိန်မြှင့်ဆောင်ရွက်ပြီး ပြည်တွင်း ယူရီယားထုတ်လုပ်မှုကို ၂၃ ရာခိုင် နှုန်းအထိ တိုးမြှင့်ကာ အနောက်အာရှဒေသရှိ ဖြစ်ရပ်များကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး တွင် မသေချာမရေရာမှုများကြားမှ သွင်းကုန်ကိုလည်း အားကောင်းစေခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၊ ဓာတုဗေဒနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာန၏ အဆိုအရ ဓာတ်မြေဩဇာဌာန အနေဖြင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများမှ တောင်သူလယ်သမားများကို ကာကွယ် ရန်အတွက် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်ယူမှုများကို နည်းလမ်း မျိုးစုံဖြင့် ပေါင်းစပ်ဆောင်ရွက်ခြင်း စသည့် ဘက်စုံမဟာဗျူဟာတစ်ရပ်ကို ချမှတ်ကျင့်သုံးထား ကြောင်း သိရသည်။
အဓိကခြေလှမ်းတစ်ခုမှာ လုပ်ပိုင်ခွင့်အပ်နှင်းထားသော စုပေါင်းစီမံခန့်ခွဲမှုကော်မတီ (EPMC) မှတစ်ဆင့် သဘာဝဓာတ်ငွေ့ဝယ်ယူရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ အစိုးရသည် တစ်ရက်လျှင် စံကုဗမီတာ သန်းပေါင်း(MMSCMD) ၇.၃၁ ကို ထပ်မံရယူနိုင်ခဲ့ပြီး ယူရီယားစက်ရုံများသို့ စုစုပေါင်းဓာတ်ငွေ့ဖြန့်ဖြူးမှုကို ၃၂ MMSCMD မှ ၃၉.၃၁ MMSCMD သို့ မြှင့်တင်နိုင်ခဲ့သည်။ ယင်းအခြေအနေကြောင့် နေ့စဉ်ယူရီယားထုတ်လုပ်မှုမှာ ၅၄,၅၀၀ မက်ထရစ် တန်မှ ၆၇,၀၀၀ မက်ထရစ်တန်သို့ လိုက်ပါမြင့်တက်လာသည်။
ဓာတ်မြေဩဇာစက်ရုံများအတွက် ဓာတ်ငွေ့ရရှိနိုင်မှုမှာ ယခင်က ၆၂ ရာခိုင်နှုန်းရှိရာမှ ယခု အခါ ၇၆ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်လာကာ ထုတ်လုပ်မှု ပိုမိုမြင့်မားတည်ငြိမ်စေသည်ဟု ဝန်ကြီးဌာနက ပြောကြားထားကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးရာသီမတိုင်မီ ကုန်လှောင်လက်ကျန် ဖူလုံမှုရှိသည့် အခြေအနေရှိကြောင်းကို အလေးပေးဖော်ပြခဲ့သည်။ မတ်လ ၁၉ ရက်နေ့အထိ ယူရီယားသိုလှောင် မှုမှာ လွန်ခဲ့သည့် တစ်နှစ်က မတ်ထရစ်တန် ၅၅.၂၂ သိန်း ရှိရာမှ ယခုနှစ်တွင် မတ်ထရစ်တန် ၆၁.၁၄ သိန်း အထိ ရှိလာသည်။ ဒိုင်အမိုနီယမ်ဖော့စဖိတ် (DAP) သိုလှောင်မှုမှာ မတ်ထရစ်တန် ၂၄.၂၄ သိန်းသို့ နှစ်ဆကျော် တိုးလာပြီး NPK ကွန်ပေါင်းမြေဩဇာနှင့် SSP ဖော့စဖိတ်မြေဩဇာ အစရှိသည်တို့တွင်လည်း သိသာထင်ရှားသော တိုးတက်မှုများရှိခဲ့ကြောင်း မှတ်တမ်း တင်ရရှိ သည်။
ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ခြင်းအပြင် အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ ပြိုင်တူလေလံ များကို ကြိုတင်ခေါ်ယူပြီး ပထဝီနိုင်ငံရေးဆိုင်ရာ အနှောင့်အယှက်များမှ ဘေးအန္တရာယ် လျှော့ချ ရန် ဝယ်ယူရေးရင်းမြစ်များကို ကွဲပြားအောင် ဆောင်ရွက်ထားသည်။ တင်သွင်းလာသော ဓာတ်မြေ ဩဇာ ကုန်သေတ္တာအများစုသည် မတ်လကုန်တွင် အိန္ဒိယသို့ ရောက်ရှိရန် မျှော်လင့်ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က အိန္ဒိယအနေဖြင့် လက်ရှိတွင် လုံလောက်သော ဓာတ်မြေဩဇာ သိုလှောင်မှုရှိပြီး အချိန်မီပို့ဆောင်နိုင်ရေး ပေးသွင်း နိုင်သည့် နိုင်ငံအများအပြားနှင့် အဆက်အသွယ်ရှိကြောင်း မှတ်ချက်ပြုသည်။
စိုက်ပျိုးရာသီအတွင်း တောင်သူလယ်သမားများအနေဖြင့် မြေသြဇာများကို အချိန်မီ ရရှိနိုင် စေရန်၊ ပြတ်လပ်မှုမရှိစေရန်နှင့် ရောင်းလိုအား တည်ငြိမ်မှုရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက် သည့် ချဉ်းကပ်မှုစနစ်က ကူညီပေးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။
Source: DDnews, 17 May, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
