
ဟိုချီမင်းစီးတီး (HCMC) ရှိ လမ်းဘေးဆိုင်များနှင့် စူပါမားကတ်များတွင် ဒူးရင်းသီးများကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၄၀,၀၀၀ မှ ၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁.၅ - ၂.၃) ဖြင့် လက်လီရောင်းချနေကြပြီး ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းကျဆင်းသွားခြင်း ဖြစ်သည်။
မြို့အနှံ့ရှိ လမ်းမများပေါ်တွင် ဒူးရင်းသီးဆိုင်များ မှိုလိုပေါက်လာပြီး ဈေးနှုန်းသက်သာမှုကြောင့် ဖြတ်သန်းသွားလာနေသည့် မော်တော်ဆိုင်ကယ်သမားများကို ဆွဲဆောင်လျက်ရှိသည်။ လွန်ခဲ့သည့် တစ်နှစ်က Ri6 ဒူးရင်းသီးအမျိုးအစားကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၈၀,၀၀၀ မှ ၁၂၀,၀၀၀ ကြားဖြင့် လက်လီရောင်းချခဲ့ရကြောင်း အဆိုပါဆိုင်အချို့မှ အရောင်းသမားများက ပြောကြားခဲ့သည်။
Pham Van Dong လမ်းပေါ်တွင် ဆိုင်ဖွင့်ထားသည့် ကုန်သည်တစ်ဦးဖြစ်သူ Hong က သူမအနေဖြင့် ပုံမှန်အားဖြင့် ဖရဲသီးနှင့် ကျွဲကောသီးများကိုသာ ရောင်းချလေ့ရှိသော်လည်း ယခုနှစ်တွင် စိုက်ခင်းအဝယ်ဒိုင်ဈေးများ အလွန်ကျဆင်းသွားသောကြောင့် ဒူးရင်းသီးပြောင်းလဲ ရောင်းချခြင်းဖြစ်ကြောင်း ပြောသည်။ သူမသည် Ri6 ဒူးရင်းသီးများကို မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသရှိ Dong Thap ပြည်နယ်မှ ဝယ်ယူခြင်းဖြစ်ပြီး ဟိုချီမင်းစီးတီးတွင် အလွန်အရောင်းသွက်သည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။
မြို့တွင်းရှိ စူပါမားကတ် အများအပြားတွင်လည်း Ri6 နှင့် Monthong ဒူးရင်းသီး အမျိုးအစား နှစ်ခုစလုံးကို အလားတူဈေးနှုန်းများဖြင့် ရောင်းချနေကြသည်။ Le Duc Tho လမ်းပေါ်တွင် သစ်သီးဆိုင်ဖွင့်ထားသူ Pho က ပုံမှန်အားဖြင့် ပုံသဏ္ဌာန်မမှန်သော သို့မဟုတ် အရည်အသွေးနိမ့်သော ဒူးရင်းသီးများကိုသာ ယခုကဲ့သို့ ဈေးအပေါဆုံးဖြင့် ရောင်းချလေ့ရှိပြီး အရည်အသွေးကောင်းမွန်သော အသီးများကိုမူ ပို့ကုန်အတွက် သီးသန့်ဖယ်ထားလေ့ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ဒူးရင်းသီးကုန်သည်တစ်ဦးဖြစ်သူ Hoang က ၎င်းအနေဖြင့် ပုံမှန်အားဖြင့် နှစ်စဉ် ယခုလိုအချိန်မျိုးတွင် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် အသီးများကို လိုက်လံဝယ်ယူပေးရသော်လည်း ယခုနှစ်တွင် ပြည်ပတင်ပို့မှုပိုင်း၌ အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် မေလဆန်းကတည်းက ပြည်တွင်းဖြန့်ဖြူးသူများထံသာ လွှဲပြောင်းရောင်းချနေရကြောင်း ပြောသည်။
ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း (Vinafruit) ၏ ပြောကြားချက်အရ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၏ ဒူးရင်းသီးအထွက်ဆုံး ရာသီချိန်နှင့် တိုက်ဆိုင်ပြီး အကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့မှုနှေးကွေးသွားခြင်းကြောင့် လတ်တလောလများ အတွင်း ဒူးရင်းသီးဈေးနှုန်းများ အဆမတန်ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ပသို့ တင်ပို့ရန်အတွက် အရည်အသွေးစစ်ဆေးမှု (Quality testing) အဆင့်ဆင့်သည် အချိန်အလွန်ကြာမြင့်နေသဖြင့် စီးပွားရေးလုပ်ငန်းရှင်များက အဝယ်ရပ်ဆိုင်းထားကြခြင်း ဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen ကလည်း လက်ရှိအချိန်သည် တရုတ်နိုင်ငံသို့ ပို့ကုန်ချင်း ပြိုင်ဆိုင်နေရသည့် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးအထွက်ဆုံး ရာသီချိန်ဖြစ်နေကြောင်း ထောက်ပြခဲ့သည်။
သို့သော် ထိုင်းနိုင်ငံ၏ ရိတ်သိမ်းရာသီမှာ ကုန်ဆုံးလုနီးပါးဖြစ်နေပြီး ဗီယက်နမ်နိုင်ငံ၏ အရှေ့တောင်ဘက်ဒေသများတွင်မူ ဒူးရင်းသီးများ မကြာမီ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒါက တရုတ်နိုင်ငံကို ဒူးရင်းသီး ပြန်လည်တင်ပို့နိုင်ဖို့အတွက် အခွင့်အရေး ကောင်းတစ်ခုဖြစ်လာမှာပါ” ဟု ၎င်းက သုံးသပ်ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
