
ပြည်တွင်းအထည်အလိပ်စက်ရုံများမှ ယခင်သီတင်းပတ်အတွင်း ရောင်းချခဲ့သည့် အမေရိကန် ၏ ၂၀၂၆-၂၀၂၇ ဝါသီးနှံတွင် စုစုပေါင်း ဝါဂွမ်းဘေထုပ်ရေ ၂၁၆,၀၀၀ အနက် ၉၅ ရာခိုင်နှုန်းခန့် ဖြစ်သော ဝါဂွမ်းဘေထုပ်ရေ ၂၀၆,၁၀၀ကို ဝယ်ယူခဲ့ကြောင်း၊ စက်ရုံလုပ်ငန်းရှင်များသည် ဘရာဇီး နိုင်ငံမှလည်း ဝါဂွမ်းပမာဏ မြောက်များစွာကို တင်သွင်းနေကြကြောင်း အစီရင်ခံစာများအရ သိရှိရပါသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပါကစ္စတန်နိုင်ငံအနေဖြင့် ဝါဂွမ်းနှင့် စားသုံးဆီ တင်သွင်းမှု အတွက် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ သုံးစွဲဖွယ်ရှိပြီး ယင်းပမာဏမှာ အဆိုပါ ကုန်စည်များအတွက် နိုင်ငံသမိုင်းတွင် အမြင့်မားဆုံး သွင်းကုန်ကုန်ကျစရိတ် ဖြစ်လာနိုင်ကြောင်း သိရှိရသည်။
ဝါဂွမ်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် ထပ်ခါတလဲလဲ ကြေညာချက်များ ထုတ် ပြန်နေသော်လည်း ပါကစ္စတန်နိုင်ငံ၏ အကြီးမားဆုံး ဝါဂွမ်းထုတ်လုပ်သည့်ဇုန်ဖြစ်သော Rahim Yar Khan မြို့တွင် နောက်ထပ် သကြားစက်ရုံတစ်ရုံကို ခွင့်ပြုပေးလိုက်ခြင်းသည် ဝါစိုက်ပျိုးမှု ပြန်လည် မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်လာစေသည်။
ကမ္ဘာတစ်ဝန်း ပါကစ္စတန်နိုင်ငံ၏ ဝါဂွမ်းကဏ္ဍကို ကိုယ်စားပြုသည့် အဓိကအဖွဲ့အစည်း ကြီး နှစ်ခုအနက် တစ်ခုဖြစ်သော Karachi ဝါဂွမ်းအသင်းသည် ပိုင်ဆိုင်မှုအငြင်းပွားမှု စွပ်စွဲခံရ သည့်အကြောင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်ကတည်းက ချိတ်ပိတ်ခံထားရသည်။ အဆိုပါအခြေအနေကြောင့် နိုင်ငံတကာ ဝါဂွမ်းစျေးကွက်များတွင် ပါကစ္စတန်နိုင်ငံအတွက် ကိုယ်စား ပြုမှုမရှိပဲဖြစ်နေကြောင်း သိရှိရပါသည်။
နောက်ထပ် စိုးရိမ်ဖွယ်ရာ တိုးတက်မှုတစ်ခုမှာ တစ်ချိန်က အိန္ဒိယတိုက်ငယ်၏ ပထမဆုံး ဗိုင်းရပ်စ်ကင်းစင်သော ဝါဂွမ်းမျိုးစိတ်ကို တီထွင်ဆန်းသစ်ပေးခဲ့မှုကြောင့် ကျော်ကြားခဲ့သည့် ဗဟိုဝါဂွမ်းသုတေသနတက္ကသိုလ် (CCRI) ၏ မြေနေရာများတွင် Gymkhana Club တစ်ခု တည် ဆောက်နေခြင်းပင်ဖြစ်သည်။ ဝါကြိတ်ခွဲသူများဖိုရမ်ဥက္ကဋ္ဌ Ihsanul Haq ၏ ပြောကြားချက်အရ ပါကစ္စတန် ဝါကြိတ်ခွဲသူများအသင်း (PCGA) သည် လာမည့် ဘတ်ဂျက်တွင် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ ဆီ၊ ဆီကြိတ်ဖတ် နှင့် ဆီချေးတို့အပေါ် အရောင်းအခွန်(sales tax) ကို ပယ်ဖျက်ပေးရန် အဆိုပြု ထားကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ပါကစ္စတန်နိုင်ငံလုံးဆိုင်ရာ အထည်အလိပ်စက်ရုံ များအသင်း (APTMA) က စွမ်းအင်နှုန်းထားများနှင့် အတိုးနှုန်းများကို လျှော့ချပေးခြင်းအပြင် အထူးအပိုဆောင်းအခွန် (Super Tax) နှင့် အခြားသော အခွန်အခများကို ရုပ်သိမ်းပေးရန်လည်း တောင်းဆိုထားသည်။
အထည်အလိပ်လုပ်ငန်းအနေဖြင့် ဝါဂွမ်းထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ဝါဂွမ်းကဏ္ဍ တွင် အထောက်အထား ခိုင်မာမှုမရှိသည့် စီးပွားရေးအလေ့အထများကို ပပျောက်စေရန်အတွက် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ် Ishaq Dar၏ ဦးဆောင်မှုအောက်တွင် အပြီးသတ်ပြင်ဆင်ခဲ့သော ဝါဂွမ်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေး အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လည်း လိုလားလျက်ရှိကြောင်း သိရှိရပါသည်။
ဝါသီးနှံရာသီသစ်ကို ဝါတန်ဖိုးကွင်းဆက်တစ်ခုလုံးတွင် စံချိန်တင်မြင့်မားသော စျေးနှုန်းများ ဖြင့် စတင်လိုက်ပြီဖြစ်သည်။ ဝါဈေးနှုန်းသည် တစ်မန် (maund)လျှင် ၂၃,၀၀၀ ရူပီး၊ အစေ့ မထုတ်ရသေးသောဝါကုန်ကြမ်း (phutti) သည် ၄၀ ကီလိုဂရမ်လျှင် ၁၂,၅၀၀ ရူပီး၊ ဝါစေ့ဈေးနှုန်း သည် တစ်မန်(maund) လျှင် ၅,၂၀၀ ရူပီးနှင့် ဆီကြိတ်ဖတ်စျေးနှုန်းသည် တစ်မန် (maund) လျှင် ၄,၈၀၀ ရူပီးအထိ အသီးသီး မြင့်တက်လာခဲ့ပြီး ယင်းစျေးနှုန်းများအားလုံးသည် ပါကစ္စတန် နိုင်ငံတွင် သမိုင်းတင်နိုင်သည့် အမြင့်ဆုံး စံချိန်တင်စျေးနှုန်းများ ဖြစ်ကြသည်။
သို့သော် Punjab နှင့် Sindh ပြည်နယ်များရှိ ဝါကြိတ်ခွဲစက်ရုံ အမြောက်အမြားသည် လုပ်ငန်းလည်ပတ်ရန် မျှော်လင့်ထားသောကြောင့် အီးဒ်ပွဲတော် အားလပ်ရက်များအပြီးတွင် စျေး နှုန်းများ ပြန်လည်ကျဆင်းလာနိုင်သည်ဟု စျေးကွက်စောင့်ကြည့်လေ့လာသူများက ယုံကြည်နေ ကြကြောင်း သိရှိရပါသည်။
ပင်လယ်ကွေ့ပဋိပက္ခကြောင့် ရေရှည်ပြတ်တောက်ခဲ့ရပြီးနောက် တင်သွင်းလာသော ဝါ ဂွမ်းအချို့ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်သည်။ အီရန်-အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းနှင့် ပါကစ္စတန်-အာဖဂန်နစ္စတန် တင်းမာမှုများကို လျော့ပါးသက် သာစေရန် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခြင်းတို့သည် အာဖဂန်နယ်စပ် ပြန်လည်ဖွင့်လှစ် လာနိုင်ပြီး အာဖဂန်နစ္စတန်မှ ပါကစ္စတန်သို့ ဝါဂွမ်းအထုပ်ရေ ၃၀၀,၀၀၀ ခန့် တင်သွင်းနိုင်ဖွယ်ရှိ ကြောင်း အစီရင်ခံစာများအရ သိရှိရပါသည်။
Source: DAWN, 25 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
