Main menu

အီရန်စစ်ပွဲကြောင့် ပင်လယ်ကွေ့ဒေသသို့ ဘာစမာတီဆန်တင်ပို့မှု အဟန့်အတားဖြစ်ပြီး အိန္ဒိယ နိုင်ငံ၏ ဆန်တင်ပို့မှု ကျဆင်းလာ

Powered by Drupal

   အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပင်လယ်ကွေ့ စျေးကွက်များသို့ အရည်အသွေးမြင့် ဘာစမာတီဆန်အမျိုးအစား တင်ပို့မှုများ ပြတ်တောက် သွားခဲ့ရပြီး ၂၀၂၆ ခုနှစ်၏ ပထမလေးလပတ်အတွင်း အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလထက် အနည်းငယ် ကျဆင်းသွားခဲ့ကြောင်း အစိုးရအရာရှိနှစ်ဦးက ပြောကြား ခဲ့သည်။

    ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားသည့် အိန္ဒိယနိုင်ငံသည် ပုံမှန်အားဖြင့် ၎င်း၏နောက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် အများဆုံး ဆန်တင်ပို့နေ သည့် ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန် သုံးနိုင်ငံပေါင်း တင်ပို့မှုထက် ပိုမိုများပြားစွာ တင်ပို့လေ့ရှိ သည်။ ယခုနှစ်တွင် ဆန်စပါးစံချိန်တင် ရိတ်သိမ်းနိုင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏ ဆန်စျေးနှုန်းများ သည် ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီးဖြစ်ရာ ယခုကဲ့သို့ ဆန်တင်ပို့မှု လျော့ကျလာခြင်းက ပြည်တွင်း ဆန်စျေးနှုန်းများအပေါ် ဖိအား ပိုမိုသက်ရောက်လာစေမည်ဖြစ်သည်။

    ဇန်နဝါရီလမှ ဧပြီလအထိ ကာလအတွင်း နိုင်ငံ၏ ဆန်တင်ပို့မှုသည် လွန်ခဲ့သောနှစ်က ထက် ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မက်ထရစ်တန်ချိန် ၈.၃၉ သန်း ရှိခဲ့ကြောင်း အဆိုပါ အရာရှိ များက ပြောကြားခဲ့သည်။ အီရန်နိုင်ငံ အပါအဝင် အခြားစျေးကွက်များသို့ တင်ပို့မှု လျော့ကျသွား ခြင်းကြောင့် အဆိုပါကာလအတွင်း ဘာစမာတီဆန် တင်ပို့မှုသည် ၇ ရာခိုင်နှုန်း ကျဆင်းကာ မက်ထရစ်တန်ချိန် ၂.၃ သန်းသာ ရှိခဲ့သည်။ ဘာစမာတီမဟုတ်သော အခြားဆန်အမျိုးအစား တင်ပို့မှုမှာမူ လွန်ခဲ့သောနှစ်က မက်ထရစ်တန်ချိန် ၆.၀၃ သန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၆.၀၉ သန်း သို့ အနည်းငယ် မြင့်တက်လာခဲ့သည်။

    အမည်မဖော်လိုသည့် နယူးဒေလီအခြေစိုက် ဆန်တင်ပို့သူတစ်ဦးက အီရန်စစ်ပွဲ မပြီးဆုံး မချင်း ဆန်တင်ပို့မှုပမာဏသည် ပုံမှန်အဆင့်အောက်တွင် ဆက်လက်ရှိနေဦးမည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။ အီရန်၊ အီရတ်၊ ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများသို့ ဦးတည်မည့် ဆန်တင်ပို့မည့် သင်္ဘောများသည် ပဋိပက္ခကြောင့် လမ်းခရီးတွင် ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေ ရသဖြင့် ဝယ်ယူသူများနှင့် တင်ပို့သူများက အရောင်းအဝယ် စာချုပ်အသစ်များ ချုပ်ဆိုရန် လက်တွန့်နေကြကြောင်း အဆိုပါ ကုန်သည်က ဆိုသည်။

    အိန္ဒိယနိုင်ငံသည် ဘာစမာတီမဟုတ်သော အခြားဆန်များကို ဘင်္ဂလားဒေ့ရှ်၊ ဘီနင်၊ အိုင်ဗရီကို့စ်၊ ဂီနီနှင့် ကင်မရွန်းစသည့် နိုင်ငံများသို့ အဓိက တင်ပို့လေ့ရှိပြီး အရည်အသွေးမြင့် ဘာစမာတီဆန်များကိုမူ ဆော်ဒီအာရေးဗီးယား၊ အီရတ်၊ အီရန်နှင့် အာရပ်စော်ဘွားများ ပြည် ထောင်စု (UAE) ရှိ ဝယ်ယူသူများထံ အဓိက တင်ပို့သည်။ အစိုးရ၏ ကိန်းဂဏန်း အချက်အလက် များအရ ပြီးခဲ့သည့်နှစ်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံက ကျော်တက်သွားသည်အထိ အီရန် နိုင်ငံသည် အိန္ဒိယဘာစမာတီဆန်၏ အကြီးမားဆုံးစျေးကွက် ဖြစ်ခဲ့သည်။

    ဖေဖော်ဝါရီလကုန်ပိုင်းတွင် အမေရိကန်-အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများဖြင့် အီရန်စစ်ပွဲ စတင်ခဲ့ပြီးကတည်းက သင်္ဘောအာမခံခနှင့် ရေကြောင်းကုန်စည်ပို့ဆောင်ခများ မြင့် တက်လာခဲ့ကာ ဟော်မုဇ်ရေလက်ကြားတစ်လျှောက် ရေကြောင်း သယ်ယူပို့ဆောင်ရေးကို ပြတ် တောက်သွားစေခဲ့သည်။ ယင်းအခြေအနေကြောင့် အာဖရိကဝယ်ယူသူများထံမှ ဘာစမာတီ မဟုတ်သော အခြားဆန်များအပေါ် ဝယ်လိုအားကို ကျဆင်းစေခဲ့ကြောင်း အိန္ဒိယအရှေ့တောင် ပိုင်း Kakinadaအခြေစိုက် ဆန်တင်ပို့သူတစ်ဦးက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ ဆန်စျေးကွက်တွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့နှင့် ပြိုင်ဆိုင်နေရခြင်း ဖြစ် သည်။

Source: Reuters, 27 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)