Main menu

မြစ်ကြီးနားဒေသလိုင်ချီးသီးစိုက်ပျိုးသူများ စျေးကောင်းရနေ

Powered by Drupal

            လိုင်ချီးပင်(Lychee) သည် အပူပိုင်း‌ဒေသတွင် ပေါက်‌ရောက်သော အပင်မျိုးဖြစ်ပြီး တရုတ် နိုင်ငံကွမ်တုန်းပြည်နယ်နှင့် ဖူကျန့်ပြည်နယ်မျိုးရိုးဇာတိဖြစ်သည်။တရုတ်နိုင်ငံသည် လိုင်ချီးအဓိက စိုက်ပျိုးထုတ်လုပ်ရာနိုင်ငံဖြစ်ပြီးအိန္ဒိယနှင့်အရှေ့တောင်အာရှ၊အိန္ဒိယတိုက်ငယ်နှင့် တောင်အာဖရိက ရှိနိုင်ငံများတွင်လည်း စိုက်ပျိုးထုတ်လုပ်ကြသည်။မြန်မာနိုင်ငံတွင်လည်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနား မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ စစ်ကိုင်းတိုင်း‌ဒေသကြီးရှိ စစ်ကိုင်းမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနောင်ချိုမြို့နယ်နှင့်သီပေါမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

          လိုင်ချီးပင်သည် မြင့်မားစွာ ပေါက်ရောက်သော အမြဲစိမ်းပင်ဖြစ်ပြီး ‌သေးငယ်သော အသီး ကလေးများ သီးလေ့ရှိပြီး အသီး၏ အပြင်ပိုင်းမှာ ပန်းရောင်နှင့်အနီရောင်စပ်ကြားဖြစ်ပြီး အတွင်း ပိုင်းရှိသောအသားမှာ နို့နှစ်ရောင်ရှိ၍ သားရေစာအချိုပွဲအဖြစ် စားသုံးကြသည်။အစေ့ကပ်အသားပါး  မျိုးနှင့် အစေ့မကပ် အသားထူမျိုး (၂)မျိုးရှိသည်။ လိုင်ချီးသီးကို တရုတ်ဇီးသီး သို့မဟုတ် လေချူသီး ဟုလည်း ဒေသအလိုက် ခေါ်ဆိုကြပါသည်။လိုင်ချီးသီးသည် အရည်ရွှမ်း၍ အချိုဓာတ်ရှိပြီး ရေဓာတ် နှင့် ကာဗိုဟိုက်ဒရိတ်ဓာတ်တို့ ပါဝင်သည်။ ထို့အပြင် အခြားအာဟာရဓာတ်ဖြင့် ကယ်လိုရီဓာတ်၊ သကြားဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်များ ပါဝင်သည့်အပြင် အသားအရေကို လှပစေသော ဗီတာမင် စီနှင့် Antioxidants  ပါဝင်သောကြောင့် အသားအရေကို ကြည်လင်စေပြီး အရေးကြောင်း ဖြစ်ခြင်းကို နှေးကွေးစေသလို အသားအရေပျက်စီးမှုတွေကိုလည်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။လိုင်ချီးသီးတွင် သံဓာတ်၊ ကြေးနီဓာတ်၊ ‌ဖောလစ်အက်ဆစ်တို့ပါ ဝင်သည့် အတွက် သွေးအားနည်းရောဂါမဖြစ်အောင် ကူညီပေးကြောင်း၊ လိုင်ချီးသီးမှာ သဘာဝသကြားဓာတ် မြင့်မား စွာပါဝင်သည့်အတွက် ဆီးချို၊သွေးချိုဝေဒနာရှင်များအနေဖြင့် အလွန်အကျွံစားသုံးရန် မသင့် ကြောင်းလည်း လေ့လာသိရှိရပါသည်။လိုင်ချီးသီးကိုအသီးအတိုင်း စားလို့ရသည့်အပြင် ဖျော်ရည်ဖျော် သောက်သည့်အခါမှာလည်း အရသာရှိကောင်းမွန်ပါသည်။

          လိုင်ချီးပင်သည် မြေဩဇာကောင်းမွန်သည့်‌ မြေပွ၊ သဲနုန်းမြေကို ကြိုက်နှစ်သက်ပြီး ရေ အလွယ်တကူရရှိုနိင်သည့်နေရာများတွင် စိုက်ပျိုးက ပိုမိုဖြစ်ထွန်းပြီး လိုင်ချီးသီးပင်ကို မတ်လ၊ဧပြီလ များတွင်‌ ပေါင်းမြက်ရှင်းလင်းရန် တစ်ပင်နှင့်တစ်ပင် (၂၅)ပေကွာ ကျင်းများကို သုံးပေပတ်လည် တူး၍ ကျင်းအတွင်းသို့ သစ်ရွက်၊ မြေဆွေးနှင့် အပေါ်ယံ မြေစပ်တူရော၍ ပြန်လည်ဖုံးထားပေးပြီး တစ်ဧက အတွက် ၆၉ ပင်-၇၀ ပင်ခန့် စိုက်ပျိုးနိုင်ကြောင်း လေ့လာသိရှိရပါသည်။လိုင်ချီးပင်များကို အစေ့မှ ပျိုးထောင်စိုက်ပျိုးသော အပင်များသည် အထနှေးသဖြင့် အသီးမြန်သည့် မြေထုတ်စည်း မျိုးပွားနည်းကို အများဆုံး အသုံးပြု စိုက်ပျိုးကြကြောင်း၊ ၀.၅ လက်မခန့် လုံးပတ်လည်ရှိ ကိုင်းများကိုရွေးချယ်ပြီး မြေထုပ်စည်းကာ အမြစ်များ ကောင်းစွာထွက်လာပါက အောက်ခြေမှဖြတ်၍ မျိုးအိတ်များကို ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ ၎င်းပျိုးပင်များကို ၉ လအကြာတွင် စိုက်ကွက်သို့ ပြောင်းရွှေ့စိုက်ပျိုးရကြောင်းလေ့လာတွေ့ရှိရပါသည်။

          လိုင်ချီးပင်သည် ပိုတက်ရှ်မြေဩဇာအထူးလိုအပ်သည့်အတွက် စိုက်ကျင်းများတီစူပါမြေ‌ဩဇာ ရှစ်အောင်စနှင့် ပိုတက်ရှိမြေဩဇာ ခြောက်အောင်စနှုန်းရောစပ်၍ ပင်ခြေမှ ၅ ပေ အတွင်း ညီညာစွာ ကျွေးပေးရသည့်အပြင် သဘာဝမြေဩဇာများဖြစ်သည့် နွားချေး၊ သစ်ဆွေး၊ မြေဆွေး တစ်တင်းနှုန်း ထည့်ပေးရကြောင်း စိုက်ပျိုးထုတ်လုပ်သူထံမှ လေ့လာတွေ့ရှိရပါသည်။လိုင်ချီးပင်ကလေးများကို ပင်စည်အမြင့် ၃ ပေထား၍ ကိုင်းပွားပေးရန်နှင့် အလင်းရောင်ရရှိစေရန်အတွက် ဆောင်ရွက်ပေးရ ပါသည်။

          လိုင်ချီးပင်များတွင် ပင့်ကူအိမ်များနှင့် ချိတ်ပိုးများ ကျရောက်ဖျက်စီးတတ်သည့်အတွက် ထုံး၊ ကန့်ဆေးရည်ကို ပက်ဖျန်းပေးရသည့်အပြင် ရွက်ကိုင်းများ၌ ရွက်ပျောက်ရောဂါများ ကျရောက်ပါက ကော့ပါးပါသည့်ဆေးများဖြင့် ပက်ဖျန်းနှိမ်နှင်းရကြောင်း သိရှိရပါသည်။လိုင်ချီးသီးများ အနီရောင် သန်းလာသည့် အချိန်တွင် အသီးများကို အခိုင်လိုက်ဖြတ်ယူရပါသည်။တစ်ခိုင်လျှင် အသီး ၁၀ လုံးမှ ၁၅ လုံးအထိ ရှိပြီး အသီးများသိုလှောင်ချိန်ကြာသွားပါက အသီးခွံခြောက်သွေ့ခြင်း ၊ အရောင်မည်း ခြင်း၊ ပုပ်ခြင်းများ ဖြစ်နိုင်ပြီး လိုင်ချီးသီးကို တစ်နေရာနှင့်တစ်နေရာ သယ်ဆောင်ပါက အင်ဖက်ကဲ့ သို့ ဖက်စိမ်း သို့မဟုတ် ရေငွေ့ထိန်းနိုင်သော ပလပ်စတစ်အိတ်များဖြင့် သယ်ဆောင်က ပျက်စီးမှု ဒဏ်ခံ နိုင်ကြောင်းလည်း သိရှိရပါသည်။

          လိုင်ချီးသီးကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်များတွင် စီးပွားဖြစ် အများအပြားစိုက်ပျိုးကြသလို အိမ်ခြံဝင်းများတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါ သည်။ လိုင်ချီသီးကို ဧပြီလနှောင်းပိုင်းမှစ၍ ဇွန်လဆန်းအထိ အသီးများထွက်ရှိလာပြီဖြစ်သဖြင့် သီးနှံကုန်သည်များနှင့် သီးနှံရောင်းချသည့် လက်ကားဆိုင်များမှ ခြံအရောက်သွားရောက်ဝယ်ယူ လျက်ရှိကြောင်း၊ အပင်ပေါ်ရှိ အသီးအရေအတွက်ကို ခန့်မှန်း၍ ပင်ပြတ်ဝယ်ယူခြင်းရှိသလို အသီး အရေအတွက်ဖြင့် ဝယ်ယူ၍ စျေးကွက်သို့ ဖြန့်ဖြူးရောင်းချနေကြောင်း လိုင်ချီးသီးဝယ်ယူသူတစ်ဦး ထံမှ သိရပါသည်။

          စျေးကွက်အတွင်း ဧပြီလနှောင်းပိုင်း လိုင်ချီးသီးပေါ်ဦးပေါ်ဖျားအချိန်တွင် တစ်တွဲလျှင် အသီး ၅၀လုံးပါ အစေ့ကပ်တစ်တွဲကို ငွေကျပ် ၅၀၀၀နှင့် အစေ့မကပ်တစ်တွဲကို ကျပ် ၆၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ၊ ယခုလိုင်ချီးသီးလှိုင်လှိုင်ပေါ်ထွက်လာသည့်အချိန်တွင် အသီး ၅၀ လုံးပါ အစေ့ ကပ်တစ်တွဲကို ငွေကျပ် ၃၀၀၀ နှင့် အစေ့မကပ်တစ်တွဲကို ကျပ် ၃၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါသည်။ယခုအချိန်တွင် ယခင်နှစ်ထက် စျေးနှုန်းပိုမိုရရှိသောကြောင့် လိုင်ချီးစိုက်ပျိုး သူများ အကျိုးအမြတ်များစွာ ဖြစ်ထွန်းလျက်ရှိကြောင်း စျေးကွက်တွင်လည်း အရောင်းအဝယ်သွက် လျက်ရှိကြောင်း သိရှိရပြီး ချိုမွှေးသောရနံ့လေးနှင့်အမြင်လည်းလှ၊ စားလို့လည်းအရသာရှိသည့် မြစ်ကြီးနားဒေသထွက် လိုင်ချီးသီးထွက်ရှိမှုနှင့် စျေးကွက်အခြေအနေကို တင်ပြလိုက်ပါသည်။

DOCA(ကချင်)