
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်၊ သစ်စိမ့်၊ ထနောင်းတောကျေးရွာတွင် နှမ်းနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ညောင်ဖြူပင်ကျေးရွာတွင် ရွှေဖရုံသီး စိုက်ဧက ၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါအထုပ် ၁၆ ထုပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် အလုံးရေ ၁၀၀၀-၁၅၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် မေလ စတုတ္တပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် အကြီး၊ အသေးအပေါ်မူတည်၍ လက်ကားဈေး ငွေကျပ် ၁၀၀၀-၂၀၀၀- ၃၀၀၀- ၄၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် လက်လီလက်ကားကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး မုံရွာမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့် (အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် စျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
