
အင်ဒိုနီးရှားအစိုးရသည် နိုင်ငံ၏လျင်မြန်စွာတိုးတက်လာနေသော လျှပ်စစ်မော်တော်ယာဉ် (EV) စက်မှုလုပ်ငန်းတွင် ပိုမိုကျယ်ပြန့်သောပါဝင်မှုရရှိစေရန်ရည်ရွယ်၍ မော်တော်ယာဉ်အစိတ် အပိုင်းထုတ်လုပ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကို EV ထောက်ပံ့ရေးကွင်းဆက်အတွင်းထည့်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က အင်ဒိုနီးရှားနိုင်ငံသည် သယံဇာတအရင်း အမြစ်ပေါကြွယ်ဝမှု၊ ဈေးကွက်ကြီးမားမှုနှင့် အထက်ပိုင်းမှ အောက်ပိုင်းအထိ ပေါင်းစည်းထား သည့် စက်မှုမူဝါဒများကြောင့် ကမ္ဘာ့ EV လုပ်ငန်းတွင် အရေးပါသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ပြောကြားခဲ့ပါသည်။ Agus က EV ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကုမ္ပဏီကြီးများသာမက ပြည်တွင်း SME များလည်း ပါဝင်သင့်ပြီး ထိုမှတစ်ဆင့် ပြည်တွင်းစက်မှုလုပ်ငန်း စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် EV ဂေဟစနစ်ထဲတွင် စက်မှုလုပ်ငန်းကြီးတွေတင်မကဘဲ SME တွေလည်း ပါဝင်စေလိုကြောင်းနှင့် ထိုမှသာ အသိပညာနှင့် နည်းပညာလွှဲပြောင်းမှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့က ပြောကြားခဲ့ပါသည်။ ၎င်းရည်မှန်းချက်အရ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အသေးစား၊ အလတ်စားနှင့် အထွေထွေစက်မှုလုပ်ငန်းများ ညွှန်ကြားရေးမှူးရေးဦးစီးဌာနသည် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီများနှင့် ပူးပေါင်းကာ မေ ၂၂ ရက်တွင် အနောက်ဂျာဗားပြည်နယ် Cikarang မြို့၌ EV ထောက်ပံ့ရေးကွင်းဆက် အခွင့်အလမ်းများကို လေ့လာဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အဆိုပါအခမ်းအနားတွင် အစိတ်အပိုင်းထုတ်လုပ်သူများ၊ ဒေသဆိုင်ရာအစိုးရများ၊ စက်မှုအသင်းအဖွဲ့များနှင့် မော်တော်ယာဉ်ကုမ္ပဏီများ တက်ရောက်ခဲ့ကြပြီး SME များနှင့် EV ထုတ်လုပ်ရေး ကုမ္ပဏီကြီးများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ညွှန်ကြားရေးမှူးချုပ် Reni Yanita က ထိုအစီအစဉ်သည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစိတ်အပိုင်းထုတ်လုပ်သည့် SME များနှင့် စက်မှုလုပ်ငန်းကြီးများအကြား မဟာဗျူဟာကျသောမိတ်ဖက်ဆက်ဆံရေးများကို ပေါ်ပေါက်လာစေပြီး EV အစိတ်အပိုင်းလိုအပ်ချက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် အင်ဒိုနီးရှား၏ EV ဈေးကွက်သည် ဆက်လက်လျင်မြန်စွာ ကြီးထွားနေပြီး ပြည်တွင်းအစိတ်အပိုင်းထုတ်လုပ်သူများအတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားမော်တော်ယာဉ်စက်မှုအသင်း (Gaikindo) ၏ အချက်အလက်များအရ ဘက်ထရီသုံး လျှပ်စစ်မော်တော်ယာဉ် (BEV) ရောင်းချမှုသည် ယခုနှစ် ပထမသုံးလပတ်အတွင်း အစီးရေ ၃၃,၁၅၀ အထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် တူညီသည့်ကာလထက် ၉၅.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဧပြီလအထိ အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ဘတ်စ်ကားအစီးရေ ၇၉၈ စီး ရှိလာခဲ့ပြီး ဖေဖော်ဝါရီလအထိ လျှပ်စစ်မော်တော် ဆိုင်ကယ်နှင့် နှစ်ဘီးတပ် EV များ စုစုပေါင်း ၂၃၆,၄၅၁ စီး ရှိလာကာ နိုင်ငံ၏ EV စုစုပေါင်း အရေအတွက်၏ ၆၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေကြောင်း သိရပါသည်။ Reni က ထို တိုးတက်မှုများသည် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သည့် SME များအတွက် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်နိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ EV ဈေးကွက်ကြီးထွားလာမှုကို လျှပ်စစ်အားသွင်းအခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်လာခြင်းကလည်း အထောက်အကူပြုလျက်ရှိကြောင်း သိရပါသည်။ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အား ကုမ္ပဏီ PLN ၏ အချက်အလက်များအရ ဧပြီလအထိ နိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၃,၀၉၇ ခုတွင် EV အားသွင်းစခန်း ၄,၇၆၉ ခု လည်ပတ်လျက်ရှိကြောင်း သိရပါသည်။ စွမ်းအင်ဝန်ကြီးဌာန၏ EV လမ်းပြမြေပုံအရ ၂၀၃၀ ပြည့်နှစ်တွင် EV ဝယ်လိုအားမြင့်တက်လာမှုကို ဖြည့်ဆည်းနိုင်ရန် အားသွင်းစခန်းအရေအတွက်ကို ၆၂,၉၁၈ ခုအထိ တိုးချဲ့သွားရန် ရည်မှန်းထားကြောင်း သိရပါသည်။ Reni က ထိုအလားအလာသည် စွမ်းအင်ချွေတာနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်သည့်ယာဉ်များကို စားသုံးသူများ ပိုမိုရွေးချယ်လာသည်ကို ပြသနေသကဲ့သို့ SME များအတွက်လည်း ကြီးမားသည့်စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
