
အင်ဒိုနီးရှား ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် တရုတ်ဈေးကွက်သို့ အင်ဒိုနီးရှားရေထွက်ကုန်များ တင်ပို့နိုင်ရေး လမ်းကြောင်းများကို ဆက်လက်တိုးချဲ့လျက်ရှိပြီး လက်ရှိတွင် ငါးနှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ (UPIs) ၆၃၈ ခုအထိ တရုတ် နိုင်ငံ၏ခွင့်ပြုချက် ရရှိထားကြောင်း သိရပါသည်။ ရေကြောင်းနှင့် ငါးလုပ်ငန်းထုတ်ကုန်အရည် အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးအေဂျင်စီ အကြီးအကဲ Ishartini က တရုတ်ပြည်သူ့သမ္မတ နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) သည် မေလ ၁၁ ရက်နေ့တွင် နောက်ထပ် UPI ရှစ်ခုအား တင်ပို့ခွင့်လိုင်စင်ထုတ်ပေးခဲ့ရာ ယခင်ခွင့်ပြုထားသည့် လုပ်ငန်းများနှင့် ပေါင်း၍ စုစုပေါင်း ၆၃၈ ခုအထိ ရောက်ရှိလာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အသစ်ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှစ်ခုမှာ PT Duta Mitra Semesta, PT BPH Global Indonesia, CV Daniel Nathania Fishery, PT Bintang Samudera Pratama, PT Ramantha Kawanua Indonesia, PT Marindo Jaya Maros, PT Jaya Mega Samudra နှင့် PT Zhongyi Supply Chain Services တို့ဖြစ်ကြောင်း သိရပါသည်။ Ishartini က အဆိုပါ လုပ်ငန်းရှစ်ခု၏ တင်ပို့ခွင့်လျှောက်ထားမှုများကို နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် Mutual Recognition Arrangement (MRA) စနစ်အောက်မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသည် ရေထွက်ကုန် အမျိုးအစားပေါင်း ၁,၀၈၀ မျိုးကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံတန်ဖိုးရှိသော ရေထွက်ကုန် တန်ချိန် ၄၉၁,၅၂၈ တင်ပို့ခဲ့ကြောင်း သိရပါသည်။ တရုတ်ဈေးကွက်သို့ အဓိကတင်ပို့သည့် ရေထွက်ကုန် ၁၀ မျိုးတွင် အေးခဲထားသော ပြည်ကြီးငါး၊ Eucheuma cottonii ပင်လယ်ရေမှော်၊ Gracilaria ရေမှော်၊ အေးခဲ Ribbonfish ငါး၊ Eucheuma cottonii၊ အခြောက်လှန်း Eucheuma cottonii ရေမှော်၊ အခြောက်လှန်း Gracilaria ရေမှော်၊ Eucheuma spinosum၊ အေးခဲ Leatherjacket ငါးနှင့် အေးခဲ Croaker ငါးတို့ ပါဝင်ကြောင်း သိရပါသည်။ Ishartini က ပြည်ပတင်ပို့ခွင့် ရရှိထားသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာပါဝင်ပတ်သက်သူများအား ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်နှင့် စက်ရုံပတ်ဝန်းကျင်တွင် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် အစားအစာဘေးကင်း လုံခြုံရေးစံနှုန်းများကို တိကျစွာလိုက်နာကျင့်သုံးရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ယခင်ကလည်း ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး Sakti Wahyu Trenggono က အင်ဒိုနီးရှား၏ ငါးလုပ်ငန်းကဏ္ဍကို ပိုမိုတိုးတက်စေရန်နှင့် လွတ်လပ်သောကုန်သွယ်ရေးခေတ်အတွင်း ဦးဆောင်နိုင်ငံ တစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် ထုတ်ကုန်အရည်အသွေးကို အမြဲတမ်းအာမခံထိန်းသိမ်းထားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
