Main menu

ဖိလစ်ပိုင် ကုန်ထုတ်လုပ်မှုကဏ္ဍ မေလတွင် ပြန်လည်ဦးမော့လာ

Powered by Drupal

         ဖိလစ်ပိုင်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍသည် ပြည်တွင်းဝယ်လိုအား ပိုမိုခိုင်မာလာမှုကြောင့် မေလတွင် ပြန်လည်ဦးမော့လာခဲ့ကြောင်း သိရပါသည်။ ဆက်တိုက်ဖြစ်ပေါ်နေသော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှုများနှင့် ကုန်ကျစရိတ် မြင့်မားလာမှုများက လုပ်ငန်းကဏ္ဍအပေါ် ဆက်လက်ဖိစီးနေဆဲဖြစ်ကြောင်း သိရပါသည်။

          S&P Global က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ နိုင်ငံ၏ ဝယ်ယူမှုမန်နေဂျာများ ညွှန်းကိန်း (PMI) သည် ဧပြီလရှိ ၄၈.၃ မှ မေလတွင် ၅၀.၈ သို့ မြင့်တက်လာခဲ့ပြီး ပြန်လည်တိုးတက်လာမည့် အလားအလာကို ပြသနေကြောင်း သိရပါသည်။ PMI ညွှန်းကိန်း ၅၀ အထက်ရှိခြင်းသည် ကဏ္ဍတိုးချဲ့လာခြင်းကိုဖော်ပြပြီး အဆိုပါအဆင့်အောက် ရောက်ရှိခြင်းမှာ ကျဆင်းခြင်းကို ညွှန်ပြနေကြောင်း သိရပါသည်။

          အဆိုပါ တိုးတက်ကောင်းမွန်လာခြင်းမှာ အဓိကအားဖြင့် ပြည်တွင်းဝယ်ယူသူများထံမှ အမှာစာအသစ်များ တိုးပွားလာခြင်းကြောင့်ဖြစ်ပြီး ယင်းက ထုတ်လုပ်သူများအား ကုန်ထုတ်လုပ်မှု ပိုမိုမြှင့်တင်ရန် လှုံ့ဆော်ပေးခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းများသည် ပြည်တွင်းစျေးကွက်ရှိ ပိုမိုခိုင်မာလာသော ဝယ်လိုအားအခြေအနေများကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြရာ ကုန်ထုတ်လုပ်မှုပမာဏမှာ သုံးလတာကာလအတွင်း အမြန်ဆုံးနှုန်းဖြင့် တိုးတက်လာခဲ့ပါသည်။

          သို့သော်လည်း အဆိုပါ ပြန်လည်ဦးမော့လာမှုသည် ပြည်ပရောင်းအားတွင်မူ ထင်ဟပ်နေခြင်းမရှိကြောင်း သိရပါသည်။ ပို့ကုန်အမှာစာများသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ပိုင်း အဆိုးရွားဆုံးနှုန်းဖြင့် ကျဆင်းသွားခဲ့ရာ တိုးတက်မှုမှာ ပြည်တွင်းဝယ်လိုအား အပေါ်တွင်သာ အဓိက မှီခိုနေရဆဲဖြစ်ကြောင်း သိရပါသည်။

        အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် ဆက်စပ်နေသော အနှောင့်အယှက်များက ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများကို ဆက်လက်သက်ရောက်နေသဖြင့် ပစ္စည်းရောက်ရှိချိန် ကြာမြင့်မှုမှာ ၁၈ လနီးပါးကာလအတွင်း အဆိုးရွားဆုံးအဆင့်များထဲမှ တစ်ခုသို့ ရောက်ရှိသွားခဲ့ကြောင်း သိရပါသည်။

          တစ်ချိန်တည်းမှာပင် ကုန်ထုတ်လုပ်သူများသည် ငွေကြေးဖောင်းပွမှု မြင့်မားနေခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုစရိတ်များ ပိုမိုကြီးမားလာခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းက အမြတ်အစွန်းအပေါ် ဖိအားများဖြစ်စေခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းခွင်များက ဝန်ထမ်းအင်အားကို ဆက်လက်လျှော့ချခဲ့ကြသဖြင့် စက်ရုံအလုပ်အကိုင်ခန့်အပ်မှုမှာ နှစ်နှစ်တာကာလအတွင်း အဆိုးရွားဆုံး ကျဆင်းမှုကိုပြသခဲ့ပြီး အလုပ်သမားစျေးကွက် အခြေအနေများလည်း အားနည်းသွားခဲ့ကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်တိုးတက်လာသော်လည်း စီးပွားရေးပညာရှင်များက နောက်ဆုံးရရှိသော PMI ညွှန်းကိန်းကို အပြည့်အဝ ပြန်လည်ဦးမော့လာခြင်းအဖြစ် မကောက်ချက်ချရန် သတိပေးထားကြကြောင်း သိရပါသည်။

           Ateneo de Manila တက္ကသိုလ်မှ စီးပွားရေးပညာရှင် Leonardo Lanzona က ဤအချက်အလက်များသည် ရေရှည်တည်တံ့သော တိုးချဲ့မှုထက် တည်ငြိမ်မှုရှိလာခြင်းကိုသာ ပိုမိုညွှန်ပြနေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက PMI တွက်ချက်မှုများသည် ကုန်ပစ္စည်းပေးပို့မှု နှောင့်နှေးကြန့်ကြာခြင်းများအပေါ် လွှမ်းမိုးမှုရှိနိုင်ကြောင်း၊ ယင်းက စီးပွားရေးအခြေအနေများ စိန်ခေါ်မှုရှိနေဆဲဖြစ်သော်လည်း ပင်မညွှန်းကိန်းကို လုပ်ကြံဖန်တီး၍ မြင့်တက်စေနိုင်ကြောင်း ထောက်ပြခဲ့ကြောင်း သိရပါသည်။

         သို့သော်လည်း ယုံကြည်စိတ်ချရသော ပြန်လည်ဦးမော့မှုတစ်ခု ဖြစ်ပေါ်လာရန်အတွက် အမှာစာအသစ်များ စဉ်ဆက်မပြတ် တိုးတက်လာခြင်း၊ ဝန်ထမ်းအသစ်များ ပြန်လည်ခန့်အပ်လာခြင်းနှင့် ကုန်ကျစရိတ် ဖိအားများလျော့ပါးသွားခြင်း အပါအဝင် ပိုမိုကျယ်ပြန့်သော တိုးတက်ကောင်းမွန်မှုများ လိုအပ်လိမ့်မည်ဖြစ်ကြောင်း Lanzona က အထူးအလေးပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: CDM                                                                             

DOCA (ရန်ကုန်)