Main menu

ထိုင်းနိုင်ငံထံမှ ပုစွန် ၅ မျိုး တင်သွင်းမှု မလေးရှား ဆိုင်းငံ့

Powered by Drupal

       ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်နေ့မှ စတင်၍ ရေထွက်ကုန်တင်သွင်းမှုကို တင်းကျပ်စွာထိန်းချုပ် မည့် အစီအမံအသစ်များ ချမှတ်ဆောင်ရွက်မည်ဟု
မလေးရှားနိုင်ငံ၏ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းက ထိုင်းနိုင်ငံထွက် ပင်လယ်ကကတစ်ငါးနှင့် ပုစွန်မျိုးစိတ် ၅ မျိုးအပေါ် သက်ရောက်မှုရှိပြီး
ပြည်တွင်းထုတ်လုပ်မှု အလွန်အမင်း ပိုလျှံလာနိုင်မည့်အရေးပေါ် စိုးရိမ်မှုမြင့်တက်လျက် ထိုင်းပင်လယ်စာပို့ကုန်ဈေးကွက်အတွင်း ထိတ်လန့်တုန်လှုပ်မှုဖြစ်ပေါ်ခဲ့သည်။

      ကွာလာလမ်ပူမြို့ရှိ ထိုင်းစီးပွားရေးသံမှူးရုံးမှ အစီရင်ခံတင်ပြချက်အရ မလေးရှားနိုင်ငံသည် ထိုင်းနိုင်ငံထံမှ တင်သွင်းသော ပင်လယ်စာသွင်းကုန်များအပေါ် တင်းကျပ်သည့် ထိန်းချုပ်မှု များကို ဇွန် ၁ ရက်မှ စတင်၍ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း၊ ထိုသို့ စီမံဆောင်ရွက်မှုများသည် ကုန်သွယ်မှုဆိုင်ရာ
တုံ့ပြန်ချက်တစ်ခုဖြစ်ပြီး နိုင်ငံ၏ အစားအစာ ဘေးကင်းလုံခြုံမှု ကာကွယ်ရေးအစီအမံများကို အဆင့်မြှင့်တင်မှုတစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။

    တင်သွင်းမှုကို တင်းကျပ်စွာထိန်းချုပ်မည့် ပင်လယ်စာများတွင် ပင်လယ်ကကတစ်ငါးနှင့် ပုစွန် ၅ မျိုးဖြစ်သော အညိုရောင်ကျားပုစွန်၊ ငှက်ပျောပုစွန်၊
ခြေထောက်ဖြူပုစွန်၊ ကျားပုစွန် အကြီးမျိုးနှင့် ပုစွန်ပြာတို့ ပါဝင်သည်။

    ပင်လယ်ကကတစ်ငါး တင်သွင်းမှုကို ထိန်းချုပ်မည့် အစီအမံအရ တင်သွင်းသူသည် ၎င်းငါးမျိုး တင်သွင်းသည့် အကြိမ်တိုင်းအတွက် မလေးရှား
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးသော အစားအစာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း အတည်ပြုသည့် စမ်းသပ်စစ်ဆေးမှု
အသိအမှတ်ပြုလက်မှတ် (Certificate of Analysis - CoA) ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

    မကြာသေးမီကာလ၌ မလေးရှားနိုင်ငံမှ ပုစွန်များတင်သွင်းမှုအပေါ် ထိုင်းဘက်မှ အလားတူ ကန့်သတ်ဆောင်ရွက်ခဲ့ခြင်းကို တုံ့ပြန်မှုအဖြစ် ထိုင်းပုစွန်များတင်သွင်းမှု ဆိုင်းငံ့ထားသည့် အစီအမံကို ချမှတ်လုပ်ဆောင်ရခြင်းဖြစ်သည်ဟု မလေးရှားအာဏာပိုင်များက ပြောဆိုခဲ့ကြသည်။

   ထိုင်းနိုင်ငံ၏ အဓိက ပုစွန်ပို့ကုန် ၅ မျိုး တင်သွင်းမှုကို ရုတ်တရက် ဆိုင်းငံ့လိုက်ခြင်းသည် ကာလတို၌ ဆက်လက်တင်ပို့နိုင်မှု မရှိပါက မလေးရှားဈေးကွက် ထံမှ ဝင်ငွေရရှိမှုကို တိုက်ရိုက် ဆုံးရှုံးမှု ဖြစ်ပေါ်စေမည်ဖြစ်သည်။ ၎င်းအခြေအနေက ထိုင်းပြည်တွင်း၌ ထုတ်လုပ်မှု အလွန်အမင်း ပိုလျှံမှုဖြစ်စေပြီး
ထိုင်းနိုင်ငံအတွင်း ပုစွန်ဈေးနှုန်းများကျဆင်းစေလျက် ထုတ်လုပ်သူများနှင့် တင်ပို့သူများကို အခြားဈေးကွက်များသို့ လက်ငင်းပြောင်းရွှေ့လုပ်ဆောင်စေရန်
တွန်းအားပေးမည်ဖြစ်သည်။

     ပင်လယ်ကကတစ်ငါး တင်ပို့သည့် ထိုင်းလုပ်ငန်းရှင်များအတွက်မူ စံချိန်စံညွှန်း ကိုက်ညီကြောင်း အသိအမှတ်ပြုလက်မှတ် ရယူရန်လိုအပ်ချက်က တိမ်မြုပ်နေသည့် ကုန်ကျစရိတ်များ ဖြစ်ပေါ်စေသည့်အပြင် CoA စစ်ဆေးချက်လက်မှတ်ရရှိရန် အချိန်စောင့်ဆိုင်းရခြင်းကိုလည်း ပေါ် ပေါက်စေမည်ဖြစ်သည်။

     အဆိုပါ အစီအမံများသည် ထောက်ပံ့ပို့ဆောင်မှုစရိတ်များနှင့် လုပ်ငန်းဆောင်ရွက်မှု ကြာမြင့်ချိန်တို့အပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိမည်ဖြစ်ပြီး ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ  လုပ်ဆောင်ရန် ထိုင်းစီးပွားရေးသံမှူးရုံးက တိုက်တွန်းထားသည်။

     ကကတစ်ငါး တင်ပို့သူများအနေဖြင့် မလေးရှား၏ အစားအစာ ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများကို ချက်ချင်းလေ့လာရန် လိုအပ်ပြီး စစ်ဆေးရေးဂိတ်များ၌ စောင့်ဆိုင်းရခြင်း ကြောင့် ကုန်စည်များ ပုပ်သိုးပျက်စီးမှု မရှိစေရေးအတွက် အသိအမှတ်ပြု ဓာတ်ခွဲခန်းများထံမှ CoA လက်မှတ်ရယူရန်
အချိန်ပိုဆောင်းရမည်ဖြစ်သည်။

   ပုစွန် ၅ မျိုးတင်ပို့လျက်ရှိသည့် ကုန်သည်များအနေဖြင့် နောက်ပြန်လှည့်လာရခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် လတ်ဆတ်နှင့် အေးခဲထားသော
ပုစွန်ပို့ကုန်များ မလေးရှားသို့ တင်ပို့ ခြင်းကို ယာယီအားဖြင့် ရပ်ဆိုင်းထားရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် ထုတ်လုပ်မှုပိုလျှံမည့် အန္တရာယ်ကို
လျှော့ချနိုင်ရန်အတွက် အခြားသော ပို့ကုန်ဈေးကွက်များ သို့မဟုတ် ပြည်တွင်းဈေးကွက်သို့ ပို့ဆောင်ဖြန့်ဖြူးခြင်းကို အရှိန်မြှင့်တင်လုပ်ဆောင်ရမည်ဖြစ်သည်။

     ထိုင်းရေထွက်ကုန်တင်ပို့သူများ အနေဖြင့် မလေးရှားဘက်ခြမ်းရှိ တင်သွင်းသူများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး နောက်ဆုံးဖြစ်ပေါ်သော
လုပ်ငန်းလမ်းညွှန်ချက်များကို သိရှိအောင် လုပ်ဆောင်ရန်၊ ထိုင်းငါးလုပ်ငန်းဦးစီးဌာနမှ မေးမြန်းထားသည့်အချက်မျာအပေါ် တုံ့ပြန်လာမည့် တိုးတက်မှုအခြေအနေကိုစောင့်ကြည့်လေ့လာရန်နှင့် မလေးရှားဘက်မှ အစီအမံများ ပြန်လည် ရုတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာပါက ပို့ကုန်များ ပြန်လည်တင်ပို့နိုင်ရေး အသင့်ရှိနေစေရန် ဆောင်ရွက်ထားသင့်ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြထားသည်။

Source: The Nation Thailand, 31 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)