ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်းခရိုင် အုပ်ချုပ်ရေးမှူး Ban Sreymom သည် ၃၁-၅-၂၀၂၆ ရက်နေ့တွင် ပိုင်လင်းမြို့၊ O’Tavau ကျေးရွာအုပ်စုရှိ ဒူးရင်းခြံများသို့ သွားရောက်၍ ရိတ်သိမ်း ရာသီနှင့် ပြည်တွင်းပြည်ပ ဈေးကွက်အတွက် ထုတ်လုပ်မှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း
အုပ်ချုပ်ရေးမှူးမှ Pailinဒေသထွက် ဒူးရင်းသီး၏ ဈေးကွက်ဈေးနှုန်းအခြေအနေသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာတိုးတက်လာခဲ့ပြီး ဒေသခံတောင်သူများအတွက် ဝင်ငွေအခွင့်အလမ်း ပိုမိုကောင်းမွန်လာပါကြောင်း ပြောကြားခဲ့ပါသည်။
အုပ်ချုပ်ရေးမှူး Sreymom က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet ၏ ဦးဆောင်မှုအောက်တွင် နည်းပညာပိုင်းဆိုင်ရာသင်တန်းနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် တိုက်ရိုက်ပံ့ပိုးကူညီမှုများပေးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကို အားကောင်းလာစေရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို
အလေးထားပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ထုတ်လုပ်မှု တိုးတက်စေရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန်၊ အစားအစာဘေးကင်းမှု ရှိစေရန်နှင့် ဈေးကွက်ဝယ်လိုအားနှင့်အညီ စိုက်ပျိုးထုတ်လုပ်မှုကို ကိုက်ညီမှုရှိစေရန် တောင်သူများကို ကူညီပေးနိုင်ရန်အတွက် ဒေသခံပြည်သူများထံသို့ ကျွမ်းကျင်ပညာရှင်များ စေလွှတ်ရန် အစိုးရက စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနကို တွန်းအားပေးခဲ့ပါသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ ပြည်တွင်းပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များ မွမ်းမံပြင်ဆင်ခြင်းနှင့် အရည်အသွေးမြင့် စိုက် ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့သည် မရှိမဖြစ်လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
စိုက်ပျိုးသူများနှင့် ဆွေးနွေးပွဲ ပြုလုပ်စဉ်တွင် အုပ်ချုပ်ရေးမှူး Sreymom မှ ဒူးရင်းခင်းပိုင်ရှင်များအား ၎င်းတို့၏ သစ်သီးခြံများကို ရိတ်သိမ်းချိန်အလွန်
အပိုဝင်ငွေရရှိရန်အတွက် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည့် စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းနေရာများအဖြစ် ပြုပြင်ပြောင်းလဲရန်
အားပေးတိုက်တွန်းခဲ့ကြောင်း၊ ဆက်လက်၍ စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းသည် လည်ပတ်သူများကို သစ်သီးခြံ အလည်အပတ်ခရီး၊
လတ်ဆတ်သောဒူးရင်းသီးအား မြည်းစမ်းခြင်း၊ သဘာဝအခြေပြု အပန်းဖြေခြင်းနှင့် ဂေဟစနစ်နှင့်အညီ နေထိုင်ခြင်းကဲ့သို့ ထူးခြားဆန်းသစ်သော အတွေ့အကြုံများကို ပေးစွမ်းနိုင်ကြောင်း၊ Pailin၏ စိုက်ပျိုးရေးထုတ်ကုန်များနှင့် ခရီးသွားလုပ်ငန်းအလားအလာကို မြှင့်တင်ခြင်းဖြင့် ဝင်ငွေလမ်းကြောင်းသစ်များ ဖန်တီးပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ခရိုင်အုပ်ချုပ်ရေးမှူးမှ ဒေသခံတောင်သူများအား အားပေးကူညီသည့်အနေဖြင့် ၎င်းတို့ထံမှ ဒူးရင်းသီးများကို တိုက်ရိုက်ဝယ်ယူခဲ့ပြီး စားသုံးသူလိုလားချက်ကို ဖြည့်ဆည်းရန်အတွက် သဘာဝသစ်သီးများနှင့် အရွက်များစိုက်ပျိုးခြင်းကို တိုးချဲ့စိုက်ပျိုးရန် အားပေးခဲ့ပါသည်။
ပြည်နယ်အာဏာပိုင်များအနေဖြင့် တောင်သူများ၏ ထွက်ကုန်များအတွက် ဈေးကွက်သစ်များ အထူးသဖြင့် ပြည်ပတင်ပို့ခွင့် အခွင့်အလမ်းများ
ရှာဖွေဖော်ထုတ်ရာတွင် ဆက်လက် ကူညီပေးသွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးမှ တောင်သူများအား ကတိပြုပြောကြားခဲ့သည်။ ထို့အပြင် ကျေးလက်ဒေသ လူမှုစီးပွားဘဝမြှင့်တင်ရန်နှင့် ပြည်နယ်၏ စိုက်ပျိုးရေး စီးပွားရေးကဏ္ဍကို မြှင့်တင်ရန်အတွက် ဈေးကွက်ဝင်ရောက်နိုင်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင်လည်း ပံ့ပိုးကူညီပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times, 1 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
