ပြီးခဲ့သည့်နှစ်က ဝယ်ယူခဲ့မှု တန်ချိန်သန်း ၃၀ နှင့် ခန့်မှန်းချက်တန်ချိန် ၃၄.၅ သန်းကို ကျော်လွန်၍ ၂၀၂၆-၂၀၂၇ ဈေးကွက်ရာသီတွင် အစိုးရ၏ ဂျုံဝယ်ယူမှုသည် တန်ချိန် ၃၅ သန်း ကျော်ဖြင့် ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ၃-၆-၂၀၂၆ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ယခုရာသီနှစ်အထိ ဂျုံဝယ်ယူမှုတန်ချိန် ၃၅ သန်းရှိကြောင်း၊ မျှော်မှန်းချက်ထက်ပိုမို ဝယ်ယူထားပြီးဖြစ်ကြောင်း၊ ဂျုံအဓိကထွက်ရှိသည့်ပြည်နယ်များတွင် ဝယ်ယူပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါအရာရှိကပြောကြားထားပါသည်။ အိန္ဒိယအစားအသောက်ကော်ပိုရေးရှင်းနှင့် ပြည်နယ် အေဂျင်စီများအနေဖြင့် ဂျုံဝယ်ယူမှုကို အမျိုးသားအစားအသောက် လုံခြုံစိတ်ချရမှု ဥပဒေနှင့် အခြားလူမှုဖူလုံရေး အစီအစဉ်များနှင့်အညီ အနိမ့်ဆုံးအထောက်အကူပြုဈေးနှုန်းဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။
ပုံမှန်မဟုတ်သည့် မိုးများခြင်းနှင့် မုန်တိုင်းဖြစ်ပေါ်ခြင်းများကြောင့် ဒေသထွက် ကောက်ပဲသီနှံပျက်စီးဆုံးရှုံးမှုရှိသော်လည်း ပြည်တွင်းထွက်ရှိမှု တန်ချိန် ၁၂၀.၆၅ ရှိနေသည့်အတွက် ဝယ်ယူမှုကို အထောက်အကူဖြစ်စေကြောင်း သိရသည်။
ပြည်နယ်အားလုံးအနေဖြင့် Punjab ပြည်နယ်သည် ပြီးခဲ့သည့်သီးနှံရာသီက တန်ချိန် ၁၁.၉ သန်း ဝယ်ယူခဲ့ရာမှ ယခုအခါ တန်ချိန် ၁၂.၁ သန်းဖြင့်
ဦးဆောင်ဝယ်ယူလျက်ရှိကြောင်း၊ Madhya Pradesh ပြည်နယ်သည် တန်ချိန် ၇.၈ သန်းမှ တန်ချိန် ၁၀.၄ သန်းသို့ တိုးမြှင့်ဝယ်ယူခဲ့ ပြီး Haryana ပြည်နယ်သည် တန်ချိန် ၇သန်းမှ တန်ချိန် ၈.၁ သန်းသို့ မြင့်တက်သွားကြောင်း သိရသည်။ Uttar Pradesh ပြည်နယ်သည် တန်ချိန် ၁ သန်းမှ ၁.၇ သန်းအထိ နှစ်ဆနီးပါး ဝယ်ယူမှုမြင့်တက်ခဲ့ပြီး Rajasthan ပြည်နယ်သည် တန်ချိန် ၁.၉ သန်းမှ ၂.၄ သန်းအထိ ဝယ်ယူမှု တိုးလာကြောင်း သိရသည်။ ဂျုံဝယ်ယူမှုကာလသည် ဧပြီလမှ မတ်လအထိ ဖြစ်သော်လည်း ပထမ လအနည်းငယ်မှာပင် ဝယ်ယူမှုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source : The Hindu Business Line, 3 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
