Main menu

၂၀၂၆ ခုနှစ်တွင် အီလက်ထရွန်နစ်ပစ္စည်း တင်ပို့မှုမှ ရင်းဂစ် ၈၀၀ ဘီလီယံအထိ ရရှိရန် မျှော်မှန်းနေသည့် မလေးရှားနိုင်ငံ

Powered by Drupal

          မလေးရှားနိုင်ငံ၏ ဆီမီးကွန်ဒက်တာ(semiconductors) အပါအဝင် လျှပ်စစ်နှင့် အီလက်ထရွန်နစ် (E&E) ပစ္စည်းများ တင်ပို့မှုသည် ယခုနှစ်အတွင်း ရင်းဂစ် ၈၀၀ ဘီလီယံ (RM800 billion) ကျော်အထိ ရှိလာနိုင်ကြောင်း နိုင်ငံ၏ ချစ်ပ် (chip) လုပ်ငန်းဆိုင်ရာ အကြီးအကဲက ပြောကြားခဲ့ကြောင်း သိရသည်။

           လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်က ရင်းဂစ် ၆၀၁ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ရင်းဂစ် ၇၁၁ ဘီလီယံအထိ မြင့်တက်လာခဲ့ပါသည်။ မလေးရှား ဆီမီးကွန်ဒက်တာ စက်မှုလုပ်ငန်းအသင်း (MSIA) ဥက္ကဋ္ဌ Datuk Seri Wong Siew Hai က Bloomberg TV မှ Haslinda Amin နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် "ဒီအရှိန်အဟုန် ကျဆင်းသွားမယ်လို့ ကျွန်တော်မမြင်ပါဘူး၊ ဒါက ဆက်ပြီးတိုးတက်နေမှာပါ။ အမှန်တော့ ယခုနှစ်မှာ ဒီထက်မက ပိုမိုမြင့်မားတဲ့ ကိန်းဂဏန်းတွေ ဖြစ်လာနိုင်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံ၏ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ တင်ပို့မှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းခန့်မှာ ဆီမီးကွန်ဒက်တာများ ဖြစ်ကြောင်း သိရပါသည်။

         အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟီလီယံ (helium) ဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာပြီး၊ ယင်းက ဆီမီးကွန်ဒက်တာ ထုတ်လုပ်မှုအပေါ် ကုန်ကျစရိတ်ဖိအားများ ပိုမိုဖြစ်ပေါ်စေခဲ့သော်လည်း ယခုခန့်မှန်းချက်ကို အောင်မြင်စွာရရှိနိုင်ဖွယ်ရှိနေကြောင်း သိရပါသည်။ ထို့အပြင် ထုတ်လုပ်မှုအပေါ် သက်ရောက်မှုမရှိသေးကြောင်းနှင့် မလေးရှား ချစ်ပ်ကုမ္ပဏီများသည် ပထဝီနိုင်ငံရေး တင်းမာမှုများ၊ အခွန်စည်းကြပ်မှု ဖိအားများနှင့် ရင်းဂစ်ငွေကြေး အားကောင်းလာမှုများကို ကျော်ဖြတ်ကာ "အခုအချိန်အထိ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်နေကြဆဲ" ဖြစ်ကြောင်း Wong ၏ ပြောကြားချက်အရ သိရပါသည်။

          မလေးရှားနိုင်ငံသည် ဆီမီးကွန်ဒက်တာ ထောက်ပံ့မှုကွင်းဆက်တွင် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းရန် ကြိုးပမ်းနေကြောင်းနှင့် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံ ဈေးကွက်နှစ်ခုလုံးကို ဝန်ဆောင်မှု ပေးနိုင်သည့် နေရာကောင်းတစ်ခုဖြစ်သောကြောင့် ဝယ်လိုအားကို ဖြည့်ဆည်းပေးရန် "မျိုးဆက်တစ်ခုတွင် တစ်ကြိမ်သာ ရနိုင်ခဲသော" အခွင့်အရေးကို ရရှိထားကြောင်း Wong က ပြောကြားခဲ့ပါသည်။

         ထို့အပြင် Wong က အရှေ့တောင်အာရှနိုင်ငံဖြစ်သော မလေးရှားတွင် ရှိနေသည့် ထောက်ပံ့မှုကွင်းဆက် လိုအပ်ချက်အချို့ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံ၏ ဆီမီးကွန်ဒက်တာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မလေးရှား၏ အလားအလာများကိုလည်း အမွှန်းတင်ပြောကြားခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim သည် ဇွန်လ ၁၀ ရက်နေ့အထိ သုံးရက်ကြာ ခရီးစဉ်အဖြစ် လတ်တလောတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)