Main menu

အယ်လ်နီညိုကြောင့် သီးနှံစိုက်ပျိုးမှုထိခိုက်ပါက ပဲမျိုးစုံ အရန်သိုလှောင်ထားရှိမှုကို သုံးစွဲမည်ဟု အိန္ဒိယအာဏာပိုင်ပြောကြား

Powered by Drupal

   အိန္ဒိယအစိုးရ၏ ပဲမျိုးစုံ အရန်သိုလှောင်မှု တန်ချိန် ၄၃ သိန်းခန့်ရှိခြင်းသည် El Niño ရာသီ ဥတုဖြစ်စဉ်ဖြစ်ပွားလာပါက ဖြစ်ပေါ်လာနိုင်သည့် ကုန်ပစ္စည်းပြတ်တောက်ခြင်းများ၊ ဈေးနှုန်းများ ရုတ်တရက်မြင့်တက်ခြင်းများကို ကာကွယ်ရန် မဟာဗျူဟာမြောက်အစီအမံအဖြစ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးက ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နေ့က ပြောကြားခဲ့ သည်။

    အရန်ပဲမျိုးစုံများသည် ချက်ချင်း ထုတ်ရောင်းရန် မလိုအပ်ဘဲ  အယ်လ်နီညို (El Nino) သက်ရောက်မှုရှိလာပြီး မိုးရာသီ သီးနှံစိုက်ပျိုးထွက်ရှိမှုကို ထိခိုက်စေမည်ဆိုပါက ပဲမျိုးစုံ အရန် ရိက္ခာကို အသုံးပြုသွားမည်ဖြစ်ကြောင်း Consumer Affairs Secretary ဖြစ်သူ Nidhi Khare က PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။

   အစိုးရ၏ အချက်အလက်များအရ ယခုနှစ်လက်ရှိပဲမျိုးစုံ အရန်ရိက္ခာပမာဏမှာ ၂၀၂၅ ခုနှစ် မေလက ရှိခဲ့သော တန်ချိန် ၁၈ သိန်း၏ နှစ်ဆကျော်ရှိပြီး၊ ၂၀၂၄ ခုနှစ် မေလက မှတ်တမ်းတင် ထားခဲ့သည့် တန်ချိန် ၂၁ သိန်းထက်လည်း သိသိသာသာ ပိုမိုများပြားကြောင်း သိရသည်။

    ​ယခုကဲ့သို့ အရန်ရိက္ခာပမာဏ သိသိသာသာ တိုးပွားလာခြင်းမှာ ဗဟိုအစိုးရ၏ အာမခံချက် ရှိသော ဝယ်ယူရေးမူဝါဒ (Assured Procurement Policy) ကြောင့် ဖြစ်သည်။ အဆိုပါမူဝါဒကို ပြည်တွင်းထုတ်လုပ်မှုကိုမြှင့်တင်ရန်၊ ပြည်ပမှ တင်သွင်းရယူမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် နှင့် စားသုံးသူများကို ကုန်ဈေးနှုန်း မတည်ငြိမ်မှုဒဏ်မှ ကာကွယ်ပေးရန် ရည်ရွယ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ ပဲမျိုးစုံသည် အလွယ်တကူ ပုပ်သိုးပျက်စီးလွယ်သော သီးနှံများမဟုတ်ဘဲ (၂) နှစ်မှ (၃) နှစ်အထိ စိတ်ချစွာ သိုလှောင်ထားနိုင်သဖြင့် သိုလှောင်ခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ် များအပေါ် စိုးရိမ်ပူပန်ရန်မလိုကြောင်းသိရပါသည်။

Source : Economic Times, 5 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)