
အင်ဒိုနီးရှားသမ္မတ Prabowo Subianto က ၎င်း၏အစိုးရအဖွဲ့သည် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအပေါ် အဆင်မပြေသည့်သဘောထားရှိကြောင်း ဝေဖန်ချက်များကို ပယ်ချခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအတွက် ဆက်လက်ဖွင့်လှစ်ထားကာ ကဏ္ဍ စုံမှ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားမှုများ မြင့်တက်နေကြောင်း ပြောကြားခဲ့ပါသည်။ ဇွန်လ ၁၀ ရက် နေ့က Bandar Lampung မြို့၌ ကျင်းပသည့် အင်ဒိုနီးရှား လူငယ်စီးပွားရေးလုပ်ငန်းရှင်များ အသင်း (HIPMI) ၏ ၁၈ ကြိမ်မြောက် အမျိုးသားညီလာခံတွင် သမ္မတ Prabowo က ၎င်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုမနှစ်သက်ဘဲ ၎င်းတို့ကိုနိုင်ငံမှထွက်ခွာသွားရန် လုပ်ဆောင်မည်ဟု အချို့ကပြောကြသည်မှာမဟုတ်မှန်ကြောင်းနှင့် အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်နေသည့် ရင်းနှီးမြှုပ်နှံသူအများအပြားနှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားချက်သည် အစိုးရ၏ရင်းနှီးမြှုပ်နှံမှုမူဝါဒဦးတည်ချက်နှင့်ပတ်သက်၍ ထွက်ပေါ်နေသော ခန့်မှန်းပြော ဆိုမှုများကို ရှင်းလင်းရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ သမ္မတက ၎င်း၏အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခေါင်းဆောင်များနှင့် အနီးကပ်ဆက်သွယ်လျက်ရှိပြီး အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ အပြုသဘော ဆောင်သည့် တုံ့ပြန်မှုများ ဆက်လက်ရရှိနေကြောင်း၊ သို့သော်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရန်အတွက် နိုင်ငံ၏ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ထို့အပြင် တရားမျှတသောစီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် ဥပဒေစိုးမိုးရေးသည် အရေးပါကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့သည် ဥပဒေဆိုင်ရာ မသေချာမှုများကိုကိုယ်ကျိုးအတွက် အသုံးချနေကြကြောင်း၊ အစိုးရအနေဖြင့်တရားမဝင် စီးပွားရေးလုပ်ဆောင်မှုများကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ Prabowo က ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေးများတွင် နိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရန် အရေးကြီးကြောင်း ထပ်မံအလေးပေးပြောကြားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြန်ဆန်စေရန် အစိုးရက Strategic Program Acceleration Task Force (P2SP) ကို ဖွဲ့စည်းထားပြီး ပြည်တွင်းနှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသည့် အတားအဆီးများကိုဖြေရှင်းပေးရန် တာဝန်ပေးထားကြောင်း သိရပါသည်။ အဆိုပါအဖွဲ့သည် လိုင်စင်ထုတ်ပေး ရေး၊ စည်းမျဉ်းဆိုင်ရာပြဿနာများနှင့် ဌာနဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ နှောင့်နှေးနေမှုများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa ကလည်း မေလအတွင်း P2SP ၏ ဆောင်ရွက်ချက်များကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်တင် နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါပမာဏသည် လိုင်စင်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများကြောင့် အကောင်အထည်ဖော်မှု နှောင့်နှေးနေသည့် စီမံကိန်းများ၏ တန်ဖိုးကို အခြေခံတွက်ချက် ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
