Main menu

အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့မည့်ထိုင်းနှင့် ဗီယက်နမ်

Powered by Drupal

      ထိုင်းနှင့် ဗီယက်နမ် စီးပွားရေးခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား စီးပွားရေးမိတ်ဖက် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများကိုရှာဖွေရန် အဓိကစက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဘုတ်အဖွဲ့ (BoI) က ပြောကြားခဲ့ပါသည်။ ဟနွိုင်းမြို့တွင် ကျင်းပသည့် “Thailand–Vietnam Investment and Business Networking” အစည်းအဝေးတွင် အစိုးရနှင့် စီးပွားရေးကဏ္ဍမှ ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး စက်မှုဇုန်ဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တု (AI) နှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ အဆိုပါ အစည်းအဝေးအတွင်း ဗီယက်နမ်တွင် လုပ်ငန်းလည်ပတ်နေသည့် ထိုင်းစက်မှုဇုန်ဖွံ့ဖြိုးရေးကုမ္ပဏီ Amata VN Plc သည် ဟနွိုင်းအခြေစိုက် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ FPT Corporation နှင့် Smart Industrial City (စမတ်စက်မှုမြို့တော်) ဖွံ့ဖြိုးရေး ဖြစ်နိုင်ခြေလေ့လာမှု ပြုလုပ်ရန် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Amata VN ၏ အမှုဆောင်အရာရှိချုပ် Somhatai Panichewa က ယခု MoU သည် ရင်းနှီးမြှုပ်နှံ သူအသစ်များကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် စမတ်အခြေခံအဆောက်အအုံများ တည်ဆောက်လိုသည့် Amata ၏ ရည်မှန်းချက်နှင့် ကိုက်ညီပါကြောင်းနှင့် အဆိုပါ လေ့လာမှုမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများတွင် Smart Industrial City ဖြေရှင်းနည်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး AI နှင့် အလိုအလျောက်စနစ်များကို အသုံးပြုကာ ထုတ်လုပ်မှုကဏ္ဍကို တိုးတက်စေမည့်အပြင် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Amata VN ၏ ဒုတိယအမှုဆောင်အရာရှိချုပ် Osamu Sudo ကလည်း FPT ၏ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများသည် Amata VN ၏ စက်မှုဇုန်စီမံခန့်ခွဲမှု အစီအစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အထောက် အကူဖြစ်စေမည်ဟု ပြောကြားခဲ့ပါသည်။ စက်မှုဇုန်ကဏ္ဍအပြင် ဗီယက်နမ်ဘက်မှ ကိုယ်စားလှယ် များသည် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများအပေါ်လည်း စိတ်ဝင်စားမှုမြင့်မားနေပြီး ထိုင်းနိုင်ငံ ကို ဒစ်ဂျစ်တယ်နှင့် AI နည်းပညာများ ပူးတွဲဖွံ့ဖြိုးတိုးတက်စေနိုင်မည့် “မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ” အဖြစ်ရှုမြင်ကြကြောင်း သိရပါသည်။ BoI ၏ ထုတ်ပြန်ချက်အရ ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul က “ထိုင်း–ဗီယက်နမ် ဆက်ဆံရေးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ပေးမည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေး၏ ခေတ်သစ်တစ်ခုသို့ ရောက်ရှိနေပြီ” ဟု အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ၎င်းက နှစ်နိုင်ငံအကြား ခိုင်မာသောကုန်သွယ်မှုတန်ဖိုးသည် ပူးပေါင်းဆောင်ရွက်မှုအသစ်များ၏ အခြေခံအုတ်မြစ်ဖြစ်လာမည်ဖြစ်ပြီး ပိုမိုနက်ရှိုင်းသည့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်မည်ဟုပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်တွင်ထိုင်းနှင့် ဗီယက်နမ်အကြား နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ ရှိခဲ့ပြီး မဝေးတော့သည့် အနာဂတ်တွင် အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံအထိ တိုးမြှင့်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ ထို့အပြင် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များက လာအိုနိုင်ငံကဲ့သို့ ရေအားနှင့် လေအားအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံများတွင် သန့်ရှင်းသောစွမ်းအင် ဖွံ့ဖြိုးရေးစီမံကိန်းများ၌ ဗီယက်နမ်ကုမ္ပဏီများနှင့် ပူးတွဲ ရင်းနှီးမြှုပ်နှံရန် အဆိုပြုခဲ့ကြောင်း BoI က ထုတ်ပြန်ချက်အရ သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)