
ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံဆိုင်ရာ UK ဝန်ကြီးချုပ်၏ ကုန်သွယ်ရေး သံတမန် Matt Western MP သည် နှစ်နိုင်ငံဆက်ဆံမှုများကို ဆက်လက်တည်ဆောက်ရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ကမ္ဘောဒီးယား နိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ၁၁.၆.၂၀၂၆ ရက်နေ့က ဖနွမ်းပင်မြို့ရှိ ဗြိတိသျှသံရုံးမှ ထုတ်ပြန်သော ကြေညာချက်တစ်ခုအရသိရသည်။ ထုတ်ပြန်ချက်အရ ၎င်း၏ခရီးစဉ်သည် လက်ရှိဆက်ဆံရေးများကိုအားဖြည့်ရန်နှင့် ကမ္ဘောဒီးယား၏ ရေရှည်တည်တံ့သော စီးပွားရေး တိုးတက်မှုကိုပံ့ပိုးရန် UK ၏ ကတိကဝတ်ကို ပြန်လည်အတည်ပြုရန်ရည်ရွယ်ကြောင်း သိရသည်။ ခရီးစဉ်မတိုင်မီ ပြောကြားရာတွင် Matt Western MP က ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ မကြာမီကာလအတွင်း လွတ်မြောက်ခြင်းသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစေရန်၊ ပညာရေးမိတ်ဖက်များကို အားကောင်းစေရန်နှင့် ဒေသခံစီးပွားရေးလုပ်ငန်းများ ကြီးထွားမှုကို ပံ့ပိုးရန်အတွက် အခွင့်အလမ်းအသစ်များကို ပေးဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ UK ၏ကျွမ်းကျင်မှုသည် ကမ္ဘောဒီးယား၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သည့် နယ်ပယ်များအဖြစ် အခြေခံအဆောက်အအုံ၊ ငွေကြေးဝန်ဆောင်မှုများ၊ အရင်းအနှီးဈေးကွက်များနှင့် ပညာရေးကဏ္ဍတို့ကို အားကောင်းလာစေမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယား အကောက်ခွန်နှင့် ယစ်မျိုးအခွန်ဦးစီးဌာန(GDCE) ၏ အထွေထွေကုန်သွယ်ရေး အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း နှစ်နိုင်ငံကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀၁.၆၃ သန်းရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၃.၂% ကျဆင်းခဲ့သည်။ ကမ္ဘောဒီးယား၏ UK သို့ ပို့ကုန်များသည် ၃.၈% ကျဆင်းပြီး ဒေါ်လာ ၃၇၈.၉၉ သန်းရှိခဲ့သော်လည်း UK မှ သွင်းကုန်များမှာ ၇.၇% မြင့်တက်ကာ ဒေါ်လာ ၂၂.၆၄ သန်းရှိခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
