
တရုတ်နိုင်ငံ၏ Huizhan သစ်သီးလက်ကားစျေးကွက် (Huizhan Fruit Wholesale Market) သည် ထိုင်းနိုင်ငံရှိ မီးတောင်မြေထွက် ဒူးရင်းသီးထုတ်လုပ်သူများနှင့် ဒူးရင်းသီး မက်ထရစ်တန် ၅၀၀ ကြိုတင်ဝယ်ယူရန် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
ယခု နားလည်မှုစာချွန်လွှာ (MoU) သည် တရုတ်နိုင်ငံအတွင်း ထိုင်းသစ်သီးဝလံများ၏ စျေးကွက်ဝေစုကို တိုးချဲ့ပေးနိုင်ရန် မျှော်လင့်ရပြီး တစ်ဖက်မှလည်း ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း (Geographical Indication – GI) ဖြင့် ကာကွယ်စောင့်ရှောက်ထားသော ထုတ်ကုန်များ၏ တန်ဖိုးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်ကို ထိုင်းနိုင်ငံ မူပိုင်ခွင့်ဦးစီးဌာနက ဦးဆောင်၍ GI အသိအမှတ်ပြု ထုတ်ကုန်လုပ်ငန်းရှင်များအဖွဲ့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၏ ထူးခြားထင်ရှားသော စိုက်ပျိုးရေးထွက်ကုန်များအတွက် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ပြည်ပစျေးကွက်များ တိုးချဲ့ရန် သွားရောက်ခဲ့သော ၎င်းခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အဆိုပါကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံအရှေ့ပိုင်း၏ အဓိက စိုက်ပျိုးရေးထွက်ကုန် ဖြန့်ဖြူး ရေးဗဟိုဌာနတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် အရောင်းအဝယ်ပမာဏ ဘတ် ဘီလီယံ ၁၀၀ (အမေရိကန် ဒေါ်လာ ၃ ဘီလီယံ) ကျော်ရှိသော Huizhan သစ်သီးလက်ကားစျေးကွက်၌ တရုတ်သစ်သီးသွင်း ကုန်လုပ်ငန်းရှင် ၁၆ ခုထက်မကနှင့် စီးပွားရေးချင်း ချိတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဦးစီးဌာန၏ အဆိုအရ ထိုင်းနိုင်ငံသည် GI ထုတ်ကုန်ပေါင်း ၂၆၀ ကျော်ကို မှတ်ပုံတင်ထားပြီးဖြစ်ကာ စီးပွားရေးတန်ဖိုးအားဖြင့် ဘတ် ၁၁၆.၂၅ ဘီလီယံကျော် ဖန်တီးပေးထားကြောင်း သိရသည်။
သစ်သီးဝလံများသည် စုစုပေါင်း GI ထုတ်ကုန်အားလုံး၏ ၄၅% ခန့် ရှိသည်။ တရုတ်စားသုံးသူများသည် ထုတ်ကုန်၏ အရည်အသွေး၊ အစားအစာဘေးကင်းလုံခြုံမှုနှင့် နောက်ကြောင်းလိုက်နိုင်မှု (traceability) တို့ကို ပိုမိုတန်ဖိုးထားလာကြသဖြင့် တရုတ်စျေးကွက်သည် ကြီးမားသောတိုးတက်မှု အလားအလာများ ရှိနေဆဲဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ယုံကြည်ကြကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
