
ရာသီဥတု ဖောက်ပြန်မှုကြောင့် အထွက်နှုန်း သိသိသာသာ လျော့ကျသွားပြီးနောက် ဟိုချီမင်းစီးတီး (HCMC) တွင် အစေ့လွတ် လိုက်ချီးသီးဈေးနှုန်းများသည် ယခင်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာပြီး တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၈၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀.၄ ဒေါ်လာ) ခန့်အထိ ဖြစ်လာခဲ့သည်။
ဤသစ်သီးကို ရောင်းချလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်း ယခုနှစ်ကဲ့သို့ ပစ္စည်းရှာရခက်ခဲသည်ကို တစ်ခါမျှ မကြုံဖူးကြောင်း သစ်သီးကုန်သည်တစ်ဦးက ပြောသည်။ သို့သော်လည်း ဈေးနှုန်းကြီးမြင့်နေသော်လည်း သုံးစွဲသူအများအပြားက ကြိုတင်မှာယူမှုများ ပြုလုပ်ခဲ့ကြသဖြင့် ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သူမက ဆိုသည်။
အခြားကုန်သည်တစ်ဦးဖြစ်သူ Hoang Oanh ကလည်း သူမအနေဖြင့် အော်ဒါများကို ကြိုတင်လက်ခံထားခဲ့သော်လည်း ရိတ်သိမ်းခါနီးအချိန်တွင် စိုက်ခင်းအများအပြားက ရာသီဥတုကြောင့် သီးနှံများပျက်စီးကုန်သဖြင့် ပစ္စည်းမပေးနိုင်တော့ကြောင်း အကြောင်းကြားလာခဲ့သည် ဟုဆိုသည်။ ထို့ကြောင့် အော်ဒါအများအပြားကို ပြန်လည်ဖျက်သိမ်းခဲ့ရကြောင်း သူမက ပြောကြားခဲ့သည်။
လူအများအပြားသည် ဤအသီးကို ဝယ်ယူရန် ရှာဖွေနေကြသော်လည်း အဆင်မပြေဖြစ်နေကြသည်။ ဒေသခံတစ်ဦးဖြစ်သူ Hoa က စီးပွားဖက်များကို လက်ဆောင်ပေးရန်အတွက် အစေ့လွတ်လိုက်ချီးသီး ငါးကီလိုဂရမ် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ရှာမတွေ့သဖြင့် အခြားသစ်သီး တစ်မျိုးကိုသာ ရွေးချယ်ခဲ့ရသည်။
ယခုနှစ် လိုက်ချီးသီးရာသီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စိုက်ပျိုးထုတ်လုပ်မှုနှင့် အပင်ကာကွယ်ရေးဦးစီးဌာနက ဆိုးရွားသော ရာသီဥတုသည် အဖူးအပွင့်ဖြစ်ထွန်းမှု၊ ပန်းပွင့်မှုနှင့် အသီးတင်မှု လုပ်ငန်းစဉ်များကို ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် အဓိကအားဖြင့် မြောက်ပိုင်းပြည်နယ်များ၌ လိုက်ချီးစိုက်ဧက ဟက်တာ ၅၅,၀၀၀ ရှိသည်။ အဓိက စိုက်ပျိုးရာဒေသအများအပြားတွင် အထွက်နှုန်းမှာ သိသိသာသာ ကျဆင်းသွားခဲ့ပြီး အချို့ဒေသများတွင် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော်အထိ ကျဆင်းသွားကြောင်း မှတ်တမ်းတင်ထားသည်။
အလယ်ပိုင်း Thanh Hoa ပြည်နယ်ရှိ Ho Guom – Song Am ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်ကတည်းက ဤအသီးကို စိုက်ပျိုးပြီး စီးပွားဖြစ် ထုတ်လုပ်ရောင်းချသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်သော်လည်း ၎င်းတို့တွင်ပင် ရောင်းချရန် ပမာဏ အကန့်အသတ်သာ ရှိတော့သည်။ Bac Ninh ပြည်နယ်ကဲ့သို့သော အချို့ဒေသများတွင်လည်း ဤအသီးကို စိုက်ပျိုးရန် ကြိုးပမ်းခဲ့ကြသော်လည်း သိသာထင်ရှားသော အောင်မြင်မှု မရရှိခဲ့ပေ။
ပစ္စည်းပြတ်လတ်ရခြင်း အကြောင်းအရင်းကို ရှင်းပြရာတွင် Ho Guom – Song Am ကုမ္ပဏီ၏ ဒုတိယညွှန်ကြားရေးမှူး Bui Duc Thuy က မြောက်ပိုင်း လိုက်ချီးစိုက်ပျိုးရေး ဒေသအများအပြားသည် ယခုနှစ်တွင် ပြင်းထန်သော ရာသီဥတုဒဏ်ကို ခံခဲ့ရပြီး အချို့ဒေသများတွင် သီးနှံ ၉၀% အထိ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။
Thanh Hoa ပြည်နယ်ရှိ ကုမ္ပဏီ၏ အစေ့လွတ် လိုက်ချီးစိုက်ခင်းတွင် အစောပိုင်း ပန်းပွင့်နှုန်း မှာ ၂၇% မျှသာ ရှိခဲ့ပြီးနောက်၊ အသီးတင်သည့် အဆင့်တွင် ကာလရှည်ကြာ အပူဒဏ်နှင့် မုန်တိုင်းထန်ခြင်းတို့ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် အသီးနုများ အမြောက်အမြား ကြွေကျခဲ့ရသည်။ ရလဒ်အနေဖြင့် ကုမ္ပဏီ၏ ယခုနှစ် အစေ့လွတ် လိုက်ချီးသီး အထွက်နှုန်းမှာ ယမန်နှစ်က ခုနစ်တန်ခန့် ရှိခဲ့ရာမှ ယခုနှစ်တွင် တစ်တန်သာ ထွက်ရှိခဲ့တော့သည်။
ရောင်းလိုအား နည်းပါးမှုကြောင့် လက်ကားဈေးနှုန်းများသည် တစ်ကီလိုလျှင် ဗီယက်နမ် ဒေါင် ၆၀၀,၀၀၀ ကျော်အထိ မြင့်တက်သွားခဲ့ပြီး ယခင်နှစ်ကာလတူက ၃၁၀,၀၀၀ ရှိခဲ့ရာမှ နှစ်ဆ မြင့်တက်လာခြင်း ဖြစ်သည်။ အထွက်နှုန်း အလွန်နည်းပါးလွန်းသဖြင့် ကုမ္ပဏီအနေဖြင့် ရာသီမတိုင် မီ ကြိုတင်မှာယူထားသည့် အော်ဒါများကိုပင် မဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း Thuy က ပြောကြား ခဲ့သည်။ ထို့အပြင် စားသုံးသူများအနေဖြင့် အစေ့လွတ် လိုက်ချီးသီးဟု ကြော်ငြာရောင်းချနေသည့် ထုတ်ကုန်များကို ဝယ်ယူရာတွင် သတိထားကြရန်လည်း ၎င်းက သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
