Main menu

စားနပ်ရိက္ခာဖူလုံရေးအတွက် ယူအီးအီး (UAE) ထံမှ ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရန် မျှော်လင့်နေသည့် အင်ဒိုနီးရှားနိုင်ငံ

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံသည် အမျိုးသားထောက်ပံ့ရေးကွင်းဆက်များနှင့် စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေရန်အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ထံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရရှိရန် ဆောင်ရွက်နေကြောင်း စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ပါသည်။

            အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် UAE နှင့် Louis Dreyfus Company ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ကတိကဝတ် ပြုမှုများကို ကြိုဆိုပါကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် UAE သည် အရှေ့အလယ်ပိုင်း ဒေသတွင် အင်ဒိုနီးရှား၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့ပါသည်။

           Airlangga ၏ ပြောကြားချက်အရ အင်ဒိုနီးရှား-ယူအီးအီး ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (I-UAE CEPA) ကို အကောင်အထည်ဖော်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

          အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံအတွင်း ၂၅ နှစ်ကြာ အခြေစိုက်လုပ်ကိုင်နေပြီဖြစ်သော Louis Dreyfus Company အပါအဝင် UAE နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုများနှင့် စီးပွားရေးတိုးချဲ့မှုများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်းအတည်ပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ UAE သံအမတ်ကြီး Abdulla Salem Al Dhaheri က တည်ငြိမ်စွာ တိုးတက်နေသော နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း UAE ဘက်က မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ် အချို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရပါသည်။

            Abu Dhabi Export (ADEX) သည် အင်ဒိုနီးရှားနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု အားကောင်းစေရေးကို အဓိကထားသည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါကတိကဝတ်သည် အင်ဒိုနီးရှားနိုင်ငံ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးကဏ္ဍများ၏ အလားအလာအပေါ် UAE ၏ ယုံကြည်မှုကို ထင်ဟပ်စေရုံသာမက နှစ်နိုင်ငံအကြား ရေရှည်စီးပွားရေးမိတ်ဖက် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေကြောင်း သိရပါသည်။ စားနပ်ရိက္ခာကဏ္ဍအပြင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မျှော်လင့်ထားကြောင်း သိရပါသည်။

         Abu Dhabi Ports (ADP) သည် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု (feasibility study) ပြုလုပ်ခြင်းမှတစ်ဆင့် ဘာလီကျွန်းရှိ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ပံ့ပိုးကူညီရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံနှင့် UAE နိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန်အတွက် အနီးကပ်ဆက်သွယ် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။

          ထို့အပြင် နှစ်နိုင်ငံစလုံးသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ သေချာရေရာမှုများ ပံ့ပိုးပေးရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် ဦးစားပေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း သိရပါသည်။

Source: antara                                                                         

DOCA (ရန်ကုန်)