Main menu

အိန္ဒိယစားသုံးဆီ ဘူးခွံအရွယ်အစား မတူညီခြင်းကြောင့် ဈေးနှုန်းပြောင်းလဲခြင်းများ နောင်တွင် မဖြစ်ပေါ်နိုင်

Powered by Drupal

      စားသုံးဆီဘူးခွံအရွယ်အစား မတူညီခြင်းကြောင့် ဈေးနှုန်းပြောင်းလဲခြင်းဆိုင်ရာ အငြင်းပွား မှုများကို အဆုံးသတ်ရန် အိန္ဒိယအစိုးရက စံလုပ်ထုံးလုပ်နည်း(SOP) ကို ပြဋ္ဌာန်းခဲ့ပြီး စံသတ်မှတ် ထားသည့်ထုပ်ပိုးမည့်အရွယ်အစားတို့ကို  ပြန်လည်မိတ်ဆက်ခဲ့သည်။ ဤလုပ်ဆောင်ချက်သည် စားသုံးသူများအနေဖြင့် အသိပေးထုတ်ပြန်ထားသော အချက်အလက်များဖြင့် ဝယ်ယူခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့အပြင် စားသုံးဆီလုပ်ငန်း ရှင်များအသင်းက ယခုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။

       ယခင်က ကုန်အမှတ်တံဆိပ်အမျိုးမျိုးသည် ၈၅၀ လီတာ၊ ၉၀၀ လီတာ သို့မဟုတ် ၈၀၀ ဂရမ် စသည်ဖြင့် အမျိုးမျိုးသော ထုပ်ပိုးသည့်အရွယ်အစားနှင့် အရေအတွက်တို့ကို အသုံးပြု၍ မတူ ကွဲပြားသော ဈေးနှုန်းဖြင့် ရောင်းချကြသည်။ ယခုစည်းမျဉ်းသစ်တွင် အရေအတွက်ကို လီတာ သို့မဟုတ် မီလီလီတာဖြင့် ပြသရမည်ဖြစ်ကြောင်း သတ်မှတ်လိုက်တာဖြစ်ပြီး ထုပ်ပိုးမှုများသည် တူညီသော အလေးချိန်ကို ရှင်းရှင်းလင်းလင်းပြသထားရမည်ဖြစ်သည်။

       ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင်ချက်အရ အလေးချိန်နှင့် အတိုင်းအတာဆိုင်ရာ ဥပဒေ မူဘောင် (Legal Metrology Framework) အောက်တွင် စံလုပ်ထုံးလုပ်နည်း(SOP) သည် စားသုံး ဆီနှင့် အဆီများထုပ်ပိုးမှုအရွယ်အစားကို စံသတ်မှတ်ခဲ့သည်။ ခွင့်ပြုထားသော စံထုပ်ပိုးသည့် အရွယ်အစားသည် ၁ဂရမ်လျှင် ၂၀၀ မီလီလီတာ၊ ၅၀၀ မီလီလီတာ နှင့် ၁ ကီလိုဂရမ်လျှင် ၁ လီတာ၊ ၂ လီတာ၊ ၃ လီတာ၊ ၄ လီတာ၊ ၅ လီတာ၊ ၁၅ လီတာ နှင့် ၂၀ လီတာ တို့ဖြစ်သည်။ အစိုးရသည် ထုတ်လုပ်သူများ၊ ထုပ်ပိုးသူများနှင့် တင်သွင်းသူများအနေဖြင့် ဤပြောင်းလဲမှုများကို အသားကျ ဆောင်ရွက်လာနိုင်စေရန် သုံးလတာ အကူးအပြောင်းကာလ သတ်မှတ်ပေးထားသည်။

       ယခုဆုံးဖြတ်ချက်သည် နိုင်ငံတွင်း စားသုံးဆီကဏ္ဍ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသော အဓိကလုပ်ငန်းရှင်များအသင်းနှင့် အကျယ်တဝင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဈေးကွက်အတွင်းရှိ ထုပ်ပိုးသည့်အရွယ်အစားအမျိုးမျိုး များပြားလာခြင်းကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

       ထူးခြားချက်အနေဖြင့် ၂၀၀ မီလီလီတာ သို့မဟုတ် ၂၀၀ ဂရမ်ပါ ဘူးများအတွက် ယင်းစံ သတ်မှတ်ချက်များတွင် အကျုံးမဝင်လိမ့်မည်မဟုတ်ပါ။ ထို့အပြင် အဓိကမဟုတ်သော အသေးစား စားသုံးဆီ အမျိုးအစားအချို့ (Minor edible oils) ကိုလည်း ကင်းလွတ်ခွင့်ပေးထားကြောင်း သိရှိရပါသည်။

Source: The New Indian Express, 07 June  2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)