
အိန္ဒိယနိုင်ငံ၏ ၂၀၂၅-၂၀၂၆ ပြည်ထောင်စုဘတ်ဂျက်တွင် ပဲမျိုးစုံကဏ္ဍ၌ ဖူလုံရေး ရရှိစေ ရန် ၆ နှစ်တာ မစ်ရှင်တစ်ရပ်ကို ကြေညာခဲ့ပြီး၊ အိန္ဒိယအစိုးရ၏ စိုက်ပျိုးရေးသမဝါယမ ဈေးကွက် ရောင်းချရေးအဖွဲ့အစည်း (NAFED) နှင့် အိန္ဒိယနိုင်ငံ၏ အမျိုးသားအဆင့် စားသုံးသူ သမဝါယမ အဖွဲ့ချုပ် (NCCF) တို့အား ကြိုတင်စာရင်းသွင်းထားသော တောင်သူများထံမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးများကို ၄ နှစ်တာကာလအတွင်း ဝယ်ယူရန် ညွှန်ကြားခဲ့သည်။ စားသုံးသူရေးရာဌာနက ၂၀၂၇ ခုနှစ်တွင် ပဲမျိုးစုံကဏ္ဍ၌ ဖူလုံရေးရရှိရန် ရည်မှန်းချက် သတ်မှတ်ထားသည်။ ဈေးနှုန်း တည်ငြိမ်ပြီး အကျိုးအမြတ်ရရှိစေပါက တောင်သူများသည် စိုက်ပျိုးဧရိယာနှင့် ထုတ်လုပ်မှုကို တိုးချဲ့မည်ဟူသော ယူဆချက်ပေါ်တွင်မူတည်၍ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါယူဆချက် အောင်မြင်ရန်အတွက် ပုဂ္ဂလိကဈေးကွက် ကောင်းစွာ လည်ပတ်နိုင်ရမည်ဖြစ်ရာ လက်ရှိတွင် အစိုးရ၏ ဝယ်လိုအားဘက်မှ ဝင်ရောက်စွက်ဖက်သည့် မူဝါဒများကြောင့် တဖြည်းဖြည်း အားနည်း လာနေကြောင်း သုံးသပ်ထားသည်။
၂၀၂၄ ခုနှစ် ဇွန်လက စားသုံးသူရေးရာဌာနသည် ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေ များအားလုံးတွင် ပဲစဉ်းငုံနှင့် ကုလားပဲတို့အပေါ် သိုလှောင်ပမာဏကန့်သတ်ချက်များ ချမှတ်ခဲ့ သည်။ လက်ကားရောင်းချသူများအတွက် ပဲတစ်မျိုးလျှင် တန်ချိန် ၂၀၀ အထိသာ သိုလှောင်ခွင့်ပြု ခဲ့ပြီး လက်လီရောင်းချသူများအတွက် ၅ တန်အထိသာ ခွင့်ပြုခဲ့သည်။ တင်သွင်းသူများကိုလည်း အကောက်ခွန်ရှင်းလင်းပြီး ၄၅ ရက်အတွင်း သိုလှောင်လက်ကျန်များ ရှင်းလင်းရောင်းချရန် ညွှန်ကြားခဲ့သည်။ အလားတူ အမိန့်များကို ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ်များတွင် မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း နှင့် ကုလားပဲတို့အတွက် ထုတ်ပြန်ခဲ့ဖူးသည်။ ထို့ကြောင့် အဆိုပါမူဝါဒသည် အရေးပေါ်အခြေ အနေအတွက် ယာယီဆောင်ရွက်ချက် မဟုတ်ဘဲ ပုံမှန်အသုံးပြုနေသည့် စနစ်တစ်ရပ်ဖြစ်လာပြီး၊ ပုဂ္ဂလိကဈေးကွက်ပါဝင်သူများကလည်း ပဲဈေးကွက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောထား လာကြသည်။
ဈေးနှုန်းသုတေသနအတွက် အဆိုပါမူဝါဒများ၏ အကျိုးသက်ရောက်မှုရှိနေသည်။ အိန္ဒိယ ၏ National Commodity and Derivatives Exchange (NCDEX) တွင် အဆိုပါ ပဲ ၄ မျိုး အတွက် Futures Contract များ စာရင်းသွင်းထားပြီး၊ ယင်းတို့သည် ကုန်သည်များ၊ ကြိတ်ခွဲစက်ပိုင်ရှင် များနှင့် တင်သွင်းသူများအတွက် ဈေးနှုန်းအတက်အကျအခြေအနေ အခက်အခဲကို ပံ့ပိုးမှုရစေပြီး၊ စိုက်ပျိုးချိန် ဆုံးဖြတ်ရာတွင် တောင်သူများအတွက် ဈေးနှုန်းခန့်မှန်းချက်ကို အထောက်အကူပြု စေသည်။
ဤဆောင်ရွက်ချက်နှစ်ရပ်စလုံးသည် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုအပေါ် မူတည်နေသော်လည်း သိုလှောင်ကုန်များကို ၄၅ ရက်အတွင်း ရှင်းလင်းရောင်းချရမည့် တင်သွင်းသူ တစ်ဦးအနေဖြင့် ထိုကာလထက်ကျော်လွန်သော အနာဂတ်အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ထို့အပြင် ထုတ်လုပ်မှုစွမ်းရည်၏ ၂၅% သာ သိုလှောင်ခွင့်ရှိသော ကြိတ်ခွဲစက်များသည်လည်း ပမာဏ ကန့်သတ်ချက်များကြောင့် အနာဂတ်ဈေးကွက်တွင် ပါဝင်မှု လျော့နည်းလာသည်။ ပုဂ္ဂလိကကဏ္ဍ သည် ဈေးကွက်အတွင်းမှ နှုတ်ထွက်ခြင်း၊ ဈေးကွက်ပါဝင်မှု လျော့နည်းခြင်းကဲ့သို့သော ဖြစ်စဉ် များ ဖြစ်ပေါ်လာကြောင်း NCDEX ၏ အချက်အလက်များက ပြသနေကြောင်း သိရသည်။ ထိုသို့ ကန့်သတ်သည့် မူဝါဒနှင့် ပြည်တွင်း ထုတ်လုပ်မှုကို တိုးမြှင့်ရန် ရည်ရွယ်ထားသော ၆ နှစ်တာ မစ်ရှင်သည် ကိုက်ညီမှုရှိမရှိ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဖော်ပြထားသည်။
Source : The Hindu Business Line, 13 June, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
