Main menu

ကန့်ဘလူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည် (တိုင်ထောင်ပဲ) စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး ရေရှည်အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိမိတို့အိမ်ခြံဝင်းအတွင်း၌သော်လည်းကောင်း၊ ရေသွင်းရလွယ်ကူသော စိုက်ခင်းမြေကွက်များ၌သော်လည်းကောင်း ပဲတောင့်ရှည်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ ပဲတောင့်ရှည်သည် ရေသွင်း/ရေဖျန်းစနစ်ဖြင့် စနစ်တကျ ပြုစုပျိုးထောင်ပါက သုံးရာသီပတ်လုံး စိုက်ပျိုးဖြစ်ထွန်းသော သီးနှံဖြစ်ပြီး စိုက်ပျိုးပြီး ရက်ပေါင်း ၄၅ ရက်မှ ၅၀ အကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။

           တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြစ်သည့်အတွက် လုပ်အားခကုန်ကျစရိတ်သက်သာပြီး မိသားစုလုပ်အားဖြင့်သာ အဓိကလုပ်ကိုင်ကြသည်။ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ စိုက်ကျင်းတူးခြင်းနှင့် မြေသြဇာဖိုး၊ တိုင်ထောင်ရန် ဝါးနှင့် ကွန်ရက်ကြိုးဖိုး စသည်တို့အတွက် အဓိကကုန်ကျပြီး စိုက်ပျိုးမည့် မြေအကျယ်အဝန်းပေါ်မူတည်၍ ကုန်ကျစရိတ် အနည်းငယ်သာရှိခြင်းကြောင့် အရင်းအနှီးနည်းပါးသော သီးနှံဖြစ်သည်ဟု တောင်သူများက ဆိုသည်။

           ပဲတောင့်ရှည်ပင်များ စတင်အသီးထွက်ရှိချိန်တွင် တစ်ရက်ခြား သို့မဟုတ် နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရလေ့ရှိပြီး အပင်ရေ (၅၀ဝ) ခန့် စိုက်ပျိုးထားပါက တစ်ကြိမ်ခူးလျှင် ပိဿာချိန် အနည်းဆုံး (၁၀)ပိဿာမှ (၁၅)ပိဿာအထိ ထွက်ရှိသည်။ အဆိုပါ ထွက်ရှိလာသော ပဲတောင့်ရှည်များကို ကန့်ဘလူမြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များနှင့် ဒေသတွင်းဈေးများသို့ နေ့စဉ်သွားရောက်ရောင်းချကြောင်း သိရသည်။

          လက်ရှိဈေးကွက်အတွင်း ပဲတောင့်ရှည် တစ်ပိဿာလျှင် ဒေသတွင်းပေါက်ဈေးအရ စီးပွားရေး တွက်ခြေကိုက်သော ဈေးနှုန်းရရှိနေသဖြင့် တစ်ရက်ခြားတစ်ကြိမ် ပုံမှန်ဝင်ငွေ ရရှိနေသည်။ "ပဲတောင့်ရှည်က အရင်းအနှီး သိပ်မလိုသလို မိသားစုလုပ်အားနဲ့တင် လုပ်လို့ရတယ်။ ရက်တိုတိုနဲ့ နေ့စဉ်ရက်ဆက် ဝင်ငွေရနေတော့ အိမ်စရိတ်၊ စားစရိတ်အတွက် ဘာမှပူစရာမလိုဘဲ မိသားစု စားဝတ်နေရေး အတော်လေးအဆင်ပြေပါတယ်" ဟု ကန့်ဘလူမြို့နယ်မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

           ယခုကဲ့သို့ မိသားစုတစ်ပိုင်တစ်နိုင် ပဲတောင့်ရှည်စိုက်ပျိုးခြင်းသည် အရင်းအနှီးနည်းပါးပြီး ရက်တိုတိုဖြင့် နေ့စဉ်ပုံမှန် ဝင်ငွေရရှိစေသောကြောင့် ကန့်ဘလူမြို့နယ်ရှိ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုအပိုဝင်ငွေရရှိစေသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)