
မအူပင်ခရိုင်၊ မအူပင်မြို့နယ် တွင် ၅ ရပ်ကွက်၊ ကျောင်းလမ်းရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ၁၅.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူလိုက်နာဆောင်ရွက်ရမည့် အချက်(၄)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ သိရှိနိုင်ရန် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများ၊ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ ၂၅၀ ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
