
စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းထုတ်ကုန်များ ပြည်ပသို့တင်ပို့မှု (Non-oil domestic exports – NODX) သည် ဉာဏ်ရည်တု (AI) အခြေခံအဆောက်အအုံများအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့် မေလအတွင်း က ၂၀၀၃ ခုနှစ်နောက်ပိုင်း အမြန်ဆုံး တိုးတက်မှုနှုန်းကို စံချိန်တင်ခဲ့သည်။
The Economist မဂ္ဂဇင်း၏ ၂၀၂၅ ခုနှစ် တစ်ဦးကျ GDP (GDP per capita) စာရင်းအရ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံဖြစ်သည့် စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းထုတ်ကုန် တင်ပို့မှု (NODX) သည် မေလတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၈.၄ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က Enterprise Singapore ၏ အချက်အလက်များတွင် ဖော်ပြထားသည်။ ၎င်းသည် AI နှင့် ဆက်စပ်နေသော ဝယ်လိုအားများကြောင့် ကုန်သွယ်မှုဆက်တိုက်တိုးတက်လာခဲ့ရာ ဧပြီလက ၂၄.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။
DBS ဘဏ်၏ စီးပွားရေးပညာရှင် Chua Han Teng က မေလအတွင်း ရရှိခဲ့သော ကိန်းဂဏန်းသည် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း အားအကောင်းဆုံး တိုးတက်မှုစံချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုန်ပစ္စည်းတင်ပို့မှု မြင့်တက်လာခြင်းတွင် အီလက်ထရွန်နစ်ကဏ္ဍက ဦးဆောင်ခဲ့ပြီး အီလက်ထရွန်နစ်ဆိုင်ရာ NODX တင်ပို့မှုသည် ဧပြီလတွင် ၆၆.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ မေလတွင် ယခင်နှစ်ထက် ၉၄.၈ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ဤသို့တိုးတက်လာခြင်းမှာ အိုင်စီပတ်လမ်းများ (Integrated circuits)၊ ဒေတာသိမ်းဆည်းသည့် ပစ္စည်းများ (Disk media products) နှင့် ကွန်ပျူတာများကြောင့်ဖြစ်ကြောင်း The Straits Times သတင်းစာက ဖော်ပြခဲ့သည်။
eToro မှ ဈေးကွက်လေ့လာဆန်းစစ်သူ Zavier Wong က ဤကဲ့သို့ ကောင်းမွန်သော ရလဒ်ထွက်ပေါ်လာခြင်းမှာ Microsoft၊ Alphabet (Google)၊ Meta နှင့် Amazon အပါအဝင် အမေရိကန် အခြေစိုက် နည်းပညာကုမ္ပဏီကြီးများထံမှ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ အဆိုပါ ကုမ္ပဏီကြီး ၄ ခုသည် ဧပြီလနှောင်းပိုင်းတွင် ၂၀၂၆ ခုနှစ်အတွက် ၎င်းတို့၏ စုစုပေါင်း အရင်းအနှီးအသုံးစရိတ် (Capital Expenditure) အစီအစဉ်များကို အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀ ကျော်အထိ တိုးမြှင့်ခဲ့ကြပြီး ၎င်းမှာ ၂၀၂၅ ခုနှစ် ပမာဏထက် ၇၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။
စင်္ကာပူနိုင်ငံသည် အီလက်ထရွန်နစ်ပစ္စည်း တင်ပို့သည့် စီးပွားရေးစနစ်ရှိသောနိုင်ငံ ဖြစ်သည့်အတွက် ကမ္ဘာ့နည်းပညာဝယ်လိုအားကြောင့် ရေရှည်အကျိုးအမြတ် ရရှိနေခဲ့သော်လည်း၊ မကြာသေးမီက ဖြစ်ပေါ်လာသော တိုးတက်မှုပမာဏနှင့် အာရုံစိုက်လာမှု ပုံစံမှာမူ ယခင်နှင့် မတူဘဲ ကွဲပြားခြားနားနေကြောင်း Wong က ပြောသည်။
စင်္ကာပူ ဆီမီးကွန်ဒတ်တာ စက်မှုလုပ်ငန်းအသင်း (Singapore Semiconductor Industry Association) ၏ အမှုဆောင်ဒါရိုက်တာ Ang Wee Seng က ယခင်နှစ် အလားတူကာလမှ မြင့်မားသော ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ရခြင်း၊ အခွန်စည်းကြပ်မှုများနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကဲ့သို့သော ပြင်ပအန္တရာယ်များကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် တိုးတက်မှုနှုန်း ပြန်လည်နှေးကွေးသွားနိုင်ကြောင်း သတိပေးခဲ့သည်။
သို့သော်လည်း Wong ကမူ အကြီးစား Hyperscale Cloud-computing သုံးစွဲသည့် ကုမ္ပဏီကြီးများ၏ အသုံးစရိတ်များ ဆက်လက်မြင့်မားနေသရွေ့ အီလက်ထရွန်နစ် ပို့ကုန်ကဏ္ဍသည် ခိုင်မာစွာ ဆက်ရှိနေဦးမည့်ပုံစံရှိကြောင်း သုံးသပ်ခဲ့သည်။
AI အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများကြောင့် ဝယ်လိုအားမှာ ဆက်လက် အားကောင်းနေဦးမည်ဖြစ်သော်လည်း ယခုကဲ့သို့ ဖောက်သည်အုပ်စုအနည်းငယ်အပေါ်တွင်သာ ကဏ္ဍတစ်ခုလုံးက မှီခိုအားထားနေရခြင်းမှာ အားနည်းချက်တစ်ခုအဖြစ် ရှိနေသေးကြောင်း ၎င်းက သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
