
တရုတ်စားသုံးသူများက ဒေသထွက်ဆန်များကို ဝယ်ယူကြခြင်းကြောင့် ဆန်ဈေးနှုန်းကို တည်ငြိမ်စေပြီး ကျေးလက်လယ်သမားများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးစိုက်ပျိုးသူ လယ်သမားတစ်ဦးဖြစ်သည့် Roeu Chamroeun က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Banan ခရိုင်ရှိ ၎င်း၏ စိုက်ပျိုးမြေတွင် Phka Romduol နှင့် Phka Malis မွှေးနံ့သာဆန် အမျိုးအစားများကို စိုက်ပျိုးသည့် အသက် ၅၈ နှစ်အရွယ် အဆိုပါ လယ်သမားမကြီးက တရုတ်နိုင်ငံ၏ ဆန်ဝယ်ယူမှုများကြောင့် ၎င်း၏ မိသားစုနှင့် လုပ်ဖော် ကိုင်ဖက် လယ်သမားများအတွက် တည်ငြိမ်သောဝင်ငွေကို အာမခံချက် ပေးနိုင်ခဲ့ကြောင်းဆိုသည်။
Phka Romduol နှင့် Phka Malis နှစ်မျိုးစလုံးသည် သဘာဝအမွှေးအကြိုင်၊ နူးညံ့သော အသားနှင့် ထူးကဲသော အရသာတို့ကြောင့် လူသိများပြီး ဆုတံဆိပ်များ ရရှိထားသည့် ပရီမီယံ အဆင့်မြင့် ဆန်ရှည် မွှေးနံ့သာဆန် အမျိုးအစားများ ဖြစ်ကြသည်။
Chamroeun သည် ၎င်း၏ ၉.၅ ဟက်တာ ကျယ်ဝန်းသော စိုက်ပျိုးမြေမှ နှစ်စဉ် စပါးတန်ချိန် ၅၀ ကျော် ရိတ်သိမ်း ထွက်ရှိသည်။ ၎င်း၏ သီးနှံများကို ဓာတုဗေဒပစ္စည်းများမသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးထားခြင်းကြောင့် မွှေးပျံ့ပြီး အရသာရှိလှကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ကမ္ဘောဒီးယား ဆန်စပါးအဖွဲ့ချုပ် ဥက္ကဋ္ဌ Lay Chhun Hour က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား ဆန်ချောများကို အများဆုံးဝယ်ယူသည့် ထိပ်တန်းနိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန် အထူးသဖြင့် ပရီမီယံ မွှေးနံ့သာဆန် အမျိုးအစားများအတွက် အရေးပါပြီး တန်ဖိုးမြင့်မားသည့် ဈေးကွက်ကြီးတစ်ခု ဖြစ်သည်။ ၎င်းသည် ဆန်စပါးကဏ္ဍအတွက် သိသာထင်ရှားတဲ့ ဝင်ငွေနှင့် တိုးတက်မှုကို တွန်းအားပေးနေလျက်ရှိကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
