
အိန္ဒိယနိုင်ငံတွင် မုတ်သုံလေအားပျော့မှုကြောင့် ခရိုင်ပေါင်း ၃၀၀ ကျော်၌ သီးနှံများ စိုက်ပျိုးမှု အပေါ် ထိခိုက်နိုင်ခြေရှိသဖြင့် ထိုသို့သက်ရောက်မှုကို လျှော့ချနိုင်ရေး အရေးပေါ်အစီအမံများ ရေးဆွဲ ချမှတ်ထားပြီး နွေသီးနှံစိုက်ပျိုးရာသီအတွက် ပြင်ဆင်မှုများကို မြှင့်တင်လုပ်ဆောင်လျက် ရှိသည်ဟု စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ဇွန် ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယအနေဖြင့် ယခုနှစ်မုတ်သုံရာသီ၌ မိုးရွာသွန်းမှုမှာ ပျမ်းမျှမိုးရေချိန်ရရှိမှုအောက် ၄၃ ရာခိုင်နှုန်းခန့် လျော့နည်းရရှိထားပြီး ဇူလိုင်လ ၂ ရက်နေ့တွင် ကုန်ဆုံးမည့် ရက်သတ္တပတ်အထိ မိုးရွာ သွန်းမှု အားနည်းနေဦးမည်ဟု မိုးလေဝသဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားကြောင်းဖြင့် ပြည်နယ် စိုက်ပျိုးရေးဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိများ၊ သိပ္ပံပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်း အဝေးတစ်ခုအပြီး သတင်းထောက်များသို့ ဝန်ကြီး Mr. Chouhan က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အိန္ဒိယမိုးလေဝသဌာနသည် ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီကာလအတွက် နှစ် ပေါင်း ၅၀ အတွင်း ပျမ်းမျှမိုးရေချိန်ရရှိမှု ၈၇ စင်တီမီတာ (၃၅ လက်မ) ၏ ၉၆ ရာခိုင်နှုန်းမှ ၁၀၄ ရာ ခိုင်နှုန်း အကြား မိုးရေချိန်ရရှိပါက ပျမ်းမျှ သို့မဟုတ် ပုံမှန် မိုးရွာသွန်းမှုဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အဆိုပါဌာနက ၂၀၂၆ ခုနှစ်အတွင်း အယ်နီညိုဖြစ်စဉ်ကြောင့် မုတ်သုံလေ အားပျော့မှုရှိပြီး ၁၁ နှစ်တာ ကာလအတွင်း မိုးရေချိန်ရရှိမှု အနည်းဆုံးဖြစ်နိုင်သည်ဟု ပြီးခဲ့သည့် မေလ၌ ခန့်မှန်းထားခဲ့သည်။
လူဦးရေသန်းပေါင်း ၁၄၀၀ မှီတင်းနေထိုင်သည့် အိန္ဒိယနိုင်ငံတွင် နှစ်စဉ် မိုးရေချိန်ရရှိမှု၏ ၇၀ ရာခိုင်နှုန်းခန့်မှာ မုတ်သုံရာသီ မိုးရွာသွန်းမှုမှဖြစ်ပြီး စိုက်ပျိုးမြေဧရိယာ၏ တစ်ဝက်နီးပါးသည် ဆည် ရေပေးဝေမှုကင်းမဲ့ခြင်း၊ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်သည် ၎င်းတို့၏ လူနေမှုဘဝအတွက် လယ်ယာ စိုက်ပျိုးရေးအပေါ် အမှီပြုနေရခြင်းတို့ကြောင့် မုတ်သုံမိုးရွာသွန်းမှုသည် နိုင်ငံအတွင်း ရေအရင်း အမြစ်များ ဖြည့်ဆည်းမှုအတွက် အလွန်အရေးပါလျက်ရှိသည်။ ယခုကဲ့သို့ မုတ်သုံလေ အားပျော့မှုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၌ ဝင်ငွေရရှိမှုကို ထိခိုက်ဖွယ်ရှိနေသော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် ဆန်နှင့် ဂျုံတို့ကဲ့သို့သော အရန်ရိက္ခာများကို ပိုလျှံစွာ စုဆောင်းထားရှိပြီးဖြစ်သည်။
တောင်သူလယ်သမား သန်းပေါင်းများစွာသည် ဇွန်လနှင့် ဇူလိုင်လ မိုးရာသီကာလအတွင်း စပါး၊ ပြောင်း၊ ဝါ၊ ပဲပုပ်နှင့် ကြံ စသည့်သီးနှံများကို စတင်စိုက်ပျိုးမှုရှိပြီး မုတ်သုံမိုး ရွာသွန်းမှု နှောင့်နှေးခြင်း သို့မဟုတ် နေရာကွက်ကျား အနည်းငယ်သာ ရွာသွန်းခြင်းသည် သီးနှံထွက်ရှိမှုကို လျော့နည်းစေ ပြီး ကျေးလက်ဒေသ ဝင်ငွေရရှိမှုကို ကျဆင်းစေမည်ဖြစ်သည်။
အစိုးရသည် ခရိုင်ပေါင်း ၃၁၅ ခု အနက် ၁၁၁ ခုတွင် လယ်ယာမြေများ၏ လေးပုံတစ်ပုံခန့်ကသာ ဆည်ရေရရှိသဖြင့် ၎င်းခရိုင်များကို ဦးစားပေး အမြင့်ဆုံးထားရှိဆောင်ရွက်ရမည့် နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း၊ အခြားခရိုင် ၇၆ ခုကိုလည်း အလယ်အလတ်အဆင့် ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောဆိုခဲ့သည်။
တောင်သူလယ်သမားများအနေဖြင့် မိုးကောင်းသောက်စိုက်ပျိုးမြေဧရိယာများတွင် ပဲမျိုးစုံ၊ နှံစားပြောင်းနှင့် ဆီထွက်သီးနှံတို့ ကဲ့သို့သော ရေအသုံးပြုမှုနည်းပါးပြီး စိုက်ပျိုးကာလ တိုတောင်း သည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးလာစေရေး တွန်းအားပေး ဆောင်ရွက်ရန်၊ ဆည်တမံများ၊ ရေကန်များနှင့် အခြားသော ရေထွက်ရှိသည့် အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်နှင့် ရေအရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန် ပြည်နယ်များသို့ ဗဟိုအစိုးရက အကြံပြုထားကြောင်း သိရှိရသည်။
Source: Reuters, 23 Jun 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
