Main menu

မွေးမြူရေးအစာစရိတ်များ တည်ငြိမ်စေရေး ပြောင်းပိုမိုတင်သွင်းရန် ဖိလစ်ပိုင် စဉ်းစားလျက်ရှိ

Powered by Drupal

    ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ပြောင်းအနည်းဆုံးတင်သွင်းခွင့်ပြုမည့်ပမာဏ (MAV) ကို လက်ရှိတန်ချိန် ၂၁၆,၉၄၀ ၏ နှစ်ဆကျော်ဖြစ်သော တန်ချိန် ၅၀၀,၀၀၀ အထိ မြှင့်တင်ရန် အဆိုပြု ထားသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel Jr က အဆိုပြုချက်၏ ရည်ရွယ်ချက်မှာ မွေးမြူရေးအစာစရိတ်များကို တည်ငြိမ်စေပြီး ကြက်မွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူ ရေးထုတ်လုပ်သူများအား ပြောင်းထောက်ပံ့မှုဆိုင်ရာ အန္တရာယ်များမှ ကာကွယ်ရန်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ အဆိုပါအစီအစဉ်ကို ပြောင်း၊ ကြက်မွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှ သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီးမှ MAV စီမံခန့်ခွဲရေးကော်မတီသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

     Mr Tiu Laurel က အဆိုပါတိုးမြှင့်မှုသည် ရာသီဥတုဆိုင်ရာ အန္တရာယ်များ အထူးသဖြင့် ယခု နှစ်နှောင်းပိုင်းတွင် ပိုမိုအားကောင်းလာသော အယ်လ်နီညိုဖြစ်စဉ်နှင့် ဓာတ်မြေဩဇာ၊ ထောက်ပံ့ပို့ ဆောင်ရေးစရိတ်များကဲ့သို့ ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော ထောက်ပံ့မှုကျပ်တည်းလာနိုင်ခြေကို ကြိုတင်မျှော်မှန်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

     ပြောင်းလုပ်ငန်းအဖွဲ့အစည်းများက ဓာတ်မြေဩဇာစရိတ်များ မြင့်တက်ခြင်းနှင့် ပြောင်းစိုက် တောင်သူများ၏ စိုက်ပျိုးရန်ဆန္ဒ လျော့ကျလာခြင်းတို့သည် ပြောင်းထုတ်လုပ်မှုအတွက် စိန်ခေါ်မှု များ ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။ ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက် အရ ၂၀၂၅ ခုနှစ်တွင် ပြောင်းတန်ချိန် ၈.၃ သန်း ထွက်ရှိနိုင်သော်လည်း အဆိုပါ ပမာဏသည် ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်များကို ကာမိရန် လုံလောက်နိုင်ခြင်း မရှိမည်ကို တာဝန်ရှိသူများက စိုးရိမ်နေ ကြသည်။

     စိုက်ပျိုးရေးဦးစီးဌာနသည် စွမ်းအင်ဈေးကွက် မတည်ငြိမ်မှုများနှင့် ဟော်မုဇ်ရေလက်ကြား တဝိုက်ရှိ ရေလမ်းကြောင်း အနှောင့်အယှက်များကိုလည်း ထောက်ပြခဲ့ကြောင်း၊ ၎င်းတို့ကြောင့် ကုန် စည်ပို့ဆောင်ခနှင့် ဓာတ်မြေဩဇာစျေးနှုန်းများ မြင့်တက်လာပြီး လယ်ယာကဏ္ဍတစ်ခုလုံးတွင် ထုတ် လုပ်မှုစရိတ်များ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

     ပြောင်းဝါသည် ကြက်မွေးမြူရေးနှင့် တိရစ္ဆာန်မွေးမြူရေးအတွက် အဓိက မွေးမြူရေးအစာ ပါဝင်ပစ္စည်းဖြစ်ပြီး တိရစ္ဆာန်မွေးမြူရာတွင် ကုန်ကျစရိတ် အကြီးမားဆုံးသော အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ကြောင်း၊ မွေးမြူရေးအစာစရိတ်များ ရေရှည်မြင့်တက်လာပါက ကြက်သား၊ ကြက်ဥ၊ ဝက် သားနှင့် အခြားအဓိက စားသောက်ကုန်များ၏ ကုန်ကျစရိတ်ကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်း သိရှိရသည်။

     ငွေကြေးဖောင်းပွမှု နှေးကွေးနေပြီးနောက် အရှေ့အလယ်ပိုင်း တင်းမာမှုများက ကမ္ဘာ့ရေနံ ‌ဈေးနှုန်းများကို မြင့်တင်စေခဲ့ရာ မတ်လတွင် စျေးနှုန်းဖိအားများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဖိလစ်ပိုင်၏ အဓိကငွေကြေးဖောင်းပွမှုနှုန်းသည် မတ်လတွင် ၄.၁% နှင့် ဧပြီလတွင် ၇.၂% အထိ မြင့် တက်ကာ မေလတွင် ၆.၈% သို့ အနည်းငယ် ကျဆင်းခဲ့သည်။ Mr Tiu Laurel က မွေးမြူရေးအစာ စရိတ်များကို တည်ငြိမ်စေခြင်းသည် စားနပ်ရိက္ခာဈေးနှုန်းဖိအားများကို သက်သာစေရန်နှင့် အိမ် ထောင်စုများ၏ ဝယ်ယူနိုင်စွမ်းအားကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

     စိုက်ပျိုးရေးဦးစီးဌာနက အဆိုပြုထားသော ပြောင်း အနည်းဆုံးတင်သွင်းခွင့်ပြုမည့်ပမာဏ (MAV) တိုးမြှင့်ခြင်းသည် အမြဲတမ်းမူဝါဒ ပြောင်းလဲမှု မဟုတ်ဘဲ ယာယီအကာအကွယ် တစ်ခုသာ ဖြစ် ကြောင်း အလေးပေးပြောကြားခဲ့သည်။ ထောက်ပံ့မှု အခြေအနေများက လိုအပ်မှသာ တင်သွင်းမှုကို စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းပြောင်းစိုက်တောင်သူများ မလိုအပ်ဘဲ အစားထိုးခံရခြင်း မဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ထုတ်လုပ်သူများနှင့် စားသုံး သူများကို ကာကွယ်ရန်အတွက် အခြေအနေအလိုက် ချိန်ညှိထားသော အရေးပေါ်အစီအမံတစ်ခု ဖြစ် သည်ဟု Mr Tiu Laurelက ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနသည် ပြည်တွင်းထုတ်လုပ်မှုအား ပံ့ပိုးကူညီမှုနှင့် စားနပ်ရိက္ခာ ဝယ်ယူနိုင်စွမ်းကို ထိန်းသိမ်းရန် လိုအပ်ချက်တို့ကို ဟန်ချက်ညီစေရန် ကတိပြုထားကြောင်း အလေးပေးဖော်ပြခဲ့သည်။

Source: aviNews Asia, 23 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)