
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သောနွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၄၅၅၆၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၃၃၈၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၉၂၀၈)ဧက ၊ စုစုပေါင်း(၉၈၁၅၃)ဧက စိုက်ပျိုးထားရှိပြီး ရိတ်သိမ်းမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၄၄၆၂၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၃၃၈၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၉၀၀၅)ဧက ၊ စုစုပေါင်း(၈၇၀၀၇)ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်းသက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ နွေနှမ်းကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် နွေနှမ်းများဖြိုင်ဖြိုင် ရိတ်သိမ်းလျက်ရှိကြောင်း ၊ နှမ်းစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေး စနစ်ဖြင့် စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊နှမ်းညိုနှင့်နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးမှု အနေဖြင့် နှမ်းမျိုး ၁ပြည်လျှင်(၈၀၀၀-၈၅၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧကမျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့်ထွက်ရှိ ကြောင်း ၊ နှမ်းစျေးနှုန်းအနေဖြင့် ဇွန်လ စတုတ္တပတ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၁၃၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၀၇၀၀၀/-)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၇၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နှမ်းဆီ ၁ပိဿာလျှင် (၁၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၆၉၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း ၊ ကုန်သွယ် ရောင်းဝယ်မှုအနေဖြင့် တောင်သူများမှ နှမ်းသီးနှံ ထွက်ပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။ DOCA(မန္တလေး)
