Main menu

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၅.၇ သန်းအထိ တင်သွင်းမည်ဟု ခန့်မှန်း

Powered by Drupal

   ဖိလစ်ပိုင်နိုင်ငံတွင် စိုက်ပျိုးရေးသွင်းအားစု စရိတ်စကများ မြင့်တက်လာခြင်း၊ စပါးစိုက်ပျိုး မြေဧရိယာများ နည်းလာခြင်းနှင့် ရေပြတ်လပ်မှုအန္တရာယ်ကြုံတွေ့လာရခြင်းတို့ကြောင့် ပြည်တွင်း ဆန်ထုတ်လုပ်မှုအပေါ် ဖိအားများရှိနေပြီး လျော့ကျလာသည့် ပြည်တွင်းရောင်းလိုအားကို ပြန်လည်ဖြည့်ဆည်းရန်အတွက် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၅.၇ သန်း ခန့် တင်သွင်းရလိမ့်မည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) က ခန့်မှန်းထားသည်။

   အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) သည် ၎င်း၏ နောက်ဆုံးထုတ်ပြန်သည့် ကောက်ပဲ သီးနှံနှင့် အစားအစာဆိုင်ရာ နောက်ဆုံးရအခြေအနေ (Grain and Feed Update) အစီရင်ခံစာ တွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမည့် ခန့်မှန်းချက်ပမာဏကို ယခင်ခန့်မှန်းထားသည့် တန်ချိန် ၅.၆ သန်းမှ နောက်ထပ် တန်ချိန် ၁၀၀,၀၀၀ (၁ သိန်း) တိုးမြှင့်သတ်မှတ်လိုက်သည်။

     ပြည်တွင်းထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ဆန်လက်ကျန်များ လျော့နည်းသွားနိုင်သဖြင့် ကျဆင်းလာသည့် ပြည်တွင်းရောင်းလိုအားကို ဖြည့်ဆည်းနိုင်ရေး ဆန်တင်သွင်းမှုပမာဏ တိုးမြှင့် သွားရန် လျာထားကြောင်း အမေရိကန်အေဂျင်စီ (USDA) က ပြောကြားခဲ့သည်။

    အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ ခန့်မှန်းချက်ပမာဏများသည် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန (DA) က ယခင်လျာထားချက်ဖြစ်သည့် ဆန်တင်သွင်းမှုပမာဏ တန်ချိန် ၄.၈ သန်းထက် ပိုမိုမြင့်မားနေသည်။

    အစိုးရ၏ အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၁ ရက်နေ့ အထိ ဆန်တန်ချိန် ၂.၄၂ သန်း တင်သွင်းခဲ့ပြီး ဖြစ်သည်။စိုက်ပျိုးရေးသွင်းအားစု စရိတ်စက များ မြင့်တက်လာခြင်းက တောင်သူများ၏ စိုက်ပျိုးလိုစိတ် အပေါ် ဖိအားပေးလျက်ရှိနေသဖြင့် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း ကြိတ်ခွဲပြီး ဆန် ထုတ်လုပ်မှုပမာဏသည် ၁၂.၃ သန်း တန်သာ ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး ယင်းသည် ယခင်က ခန့်မှန်းတွက်ချက်ထားသည့် တန်ချိန် ၁၂.၄ သန်းထက် ၀.၈ ရာခိုင်နှုန်း လျှော့ချသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

    ဓာတ်မြေဩဇာဈေးနှုန်းများ မတ်လမှစ၍ အဆမတန် ထိုးတက်လာခဲ့ပြီး ကမ္ဘာ့ယူရီးယား (Urea) မြေဩဇာဈေးနှုန်းသည် ၅၅ ရာခိုင်နှုန်းကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း နှင့် ယင်းသည် တောင်သူများ၏ ဝင်ငွေကို လျော့ကျစေသည့်အပြင် တိုးချဲ့စိုက်ပျိုးမည့် ဧရိယာများ ကို ကန့်သတ်သကဲ့သို့ ဖြစ်စေကြောင်း အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန (USDA) က မှတ်ချက်ပြု ထားသည်။

    ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန (DA) အနေဖြင့် တောင်သူများအား စက်သုံးဆီထောက်ပံ့ ကြေးများပေးအပ်ခြင်း မျိုးစပါးနှင့်ဓာတ်မြေဩဇာစရိတ်အချို့ကို ကူညီပံ့ပိုးပေးခြင်းများ ဆောင်ရွက် နေသော်လည်း ယင်းလုပ်ဆောင်ချက်များသည် ကြီးမြင့်နေသော စိုက်ပျိုးရေး သွင်းအားစုစရိတ် များ၏ ဝန်ထုပ်ဝန်ပိုးကို အတိုင်းအတာတစ်ခုအထိသာ သက်သာစေနိုင်ကြောင်း လုပ်ငန်းနယ်ပယ် အတွင်းရှိ သတင်းရင်းမြစ်များက မှတ်ချက်ပြုကြသည်ဟု USDA က ပြောကြားခဲ့သည်။

    ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားပါက ဆန်စပါးထုတ်လုပ်မှုပမာဏ တန်ချိန် ၇၀၀,၀၀၀ ခန့်အထိ ကျဆင်းသွားနိုင်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန (DA) က ယခင်က ပြောကြားထားသည်။

    ဖိလစ်ပိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် နှောင်းပိုင်းမှ ၂၀၂၇ ခုနှစ် အစောပိုင်းကာလအတွင်း နိုင်ငံ၌ အသင့်အတင့်မှ ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်ကို ကြုံတွေ့ရနိုင်ကြောင်း သိရသည်။ အဆိုပါ ရာသီဥတုဖြစ်စဉ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ထိုစဉ်က မိုးခေါင်ရေရှားမှုများ ကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှု အမြောက်အမြား ထိခိုက်ပျက်စီးခဲ့ရသည်။

Source: Vietnam Plus, June 29, 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)