
အိန္ဒိယစိုက်ပျိုးရေးဆိုင်ရာလွှတ်တော်အမြဲတမ်းကော်မတီသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ ၏ သွင်းကုန်ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်အတွက် အခြေခံရည်ညွှန်းစျေး (Minimum Support Price - MSP) ဖြင့် အစိုးရမှ ဝယ်ယူမှုကို လက်ရှိ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ဝယ်ယူရန် တိုက်တွန်းလိုက်သည်။ ထို့ပြင် ပြည်တွင်းတောင်သူများကို စျေးနှုန်းတက်ခြင်း၊ ကျခြင်း တို့မှ ကာကွယ်ရန် ကမ္ဘာ့စားအုန်းဆီစျေးနှုန်း တစ်တန်လျှင် ဒေါ်လာ ၈၀၀ အောက် ကျဆင်းပါက ၂၀ ရာခိုင်နှုန်း အကာအကွယ်ခွန်စည်းကြပ်ခြင်းအပါအဝင် ပြောင်းလဲနိုင်သော သွင်းကုန်ခွန် ယန္တရား တစ်ခုကျင့်သုံးရန်လည်း အကြံပြုထားသည်။
ထို့အပြင် ကော်မတီသည် ရာသီဥတုဒဏ်ခံနိုင်သော၊ အထွက်နှုန်းကောင်းသော၊ ပိုးမွှားဒဏ် ခံနိုင်သော သီးနှံမျိုးစိတ်သစ်များ ထုတ်လုပ်နိုင်ရန်နှင့် Marker-Assisted Selection (MAS) ကဲ့သို့ သော ခေတ်မီနည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။ လက်ရှိတွင် လိုအပ်နေသော မျိုးရိုးဗီဇပြုပြင်ထားသည့် အစားအစာများ (GM foods) ကို ထိန်းကျောင်းရန်နှင့် ယင်းတို့ အလွန်အကျွံ ပြန့်နှံ့လာမှုကို စစ်ဆေးရန် ပိုမိုခိုင်မာသော စည်းမျဉ်းစည်းကမ်း ယန္တရား တစ်ခုဖော်ဆောင်ရန်လည်း တိုက်တွန်းထားသည်။
၂၀၂၆ ခုနှစ် မတ်လ၂၇ ရက်နေ့က လွှတ်တော်သို့ တင်သွင်းခဲ့သော ၎င်းကော်မတီ၏ ၃၃ ကြိမ်မြောက် အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံသည် စားသုံးဆီလိုအပ်ချက်၏ ၅၆ ရာခိုင်နှုန်းခန့်နှင့် ပဲတန်ချိန် ၂.၁၃ သန်းကို ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ ၎င်းသည် တောင်သူများကို ကမ္ဘာ့ စျေးနှုန်းမတည်ငြိမ်မှု ဒဏ်ခံရစေပြီး နိုင်ငံခြားငွေ အရန်သီးသန့်အပေါ်တွင်လည်း ဖိအားဖြစ်စေ ကြောင်း၊ ၎င်းကို ဖြေရှင်းရန်အတွက် ကော်မတီက PM-AASHA စီမံကိန်းအောက်တွင် ဆီထွက် သီးနှံထုတ်လုပ်မှု ၁၀၀ ရာခိုင်နှုန်းအထိ ဝယ်ယူရန်နှင့် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲနီလေး စသည့် အဓိက ပဲမျိုးစုံကို စိုက်ပျိုးသည့် ပြည်နယ်အားလုံးတွင် အပြည့်အဝဝယ်ယူရန် အကြံပြုထားသည်။
အဆိုပါအစီရင်ခံစာတွင် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဝယ်ယူရေးစင်တာများ ပိုမို ဖွင့်လှစ်ရန်၊ ဒစ်ဂျစ်တယ်ပေါ်တယ်တစ်ခု ဖော်ဆောင်ရန်နှင့် တောင်သူများအတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးမည့် အကူအညီပေးရေးဖုန်းလိုင်းများ ထားရှိရန်လည်း အကြံပြုထားကြောင်း၊ အထွက်နှုန်း နည်းပါးခြင်းသည် အဓိကအတားအဆီးဖြစ်ကြောင်း အလေးပေးဖော်ပြကာ ကော်မတီ က ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် တောင်းဆိုထားသည်။ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး အထွက်နှုန်း ကောင်းသော မျိုးစိတ်များ ထုတ်လုပ်နိုင်ရန် CRISPR နှင့် Marker-Assisted Selection ကဲ့သို့သော အဆင့်မြင့် မျိုးစေ့နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် တိုက်တွန်းထားသည်။ အိန္ဒိယ စိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) အနေဖြင့် ဒေသအလိုက်ကိုက်ညီသော မျိုးစေ့များကို ၂၀၂၈ ခုနှစ်တွင် ထုတ်ပြန်ပေးရန်နှင့် မျိုးစေ့လဲလှယ်နှုန်း ပိုမိုမြင့်မားလာစေရန် ၂၀၃၀ ပြည့်နှစ်တွင် ခရိုင် တိုင်း၌ မျိုးစေ့ဗဟိုဌာန (Seed Hubs) များ တည်ထောင်ရန် အကြံပြုထားသည်။
လက်ရှိအသုံးပြုနေသော SATHI Portal ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးစေ့ ထောက်ပံ့မှုကွင်းဆက်တစ်ခုလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချိတ်ဆက်နိုင်ရန်၊ QR Codeများမှ တစ်ဆင့် မူရင်းဇစ်မြစ်ကို ပြန်လည် ခြေရာခံ နိုင်ရန်နှင့် အစိုးရ ထောက်ပံ့ကြေးများ လေလွင့်ဆုံးရှုံးမှုကို လျှော့ချနိုင်ရန်အတွက် ဘက်စုံသုံး "National Seed Grid" အဖြစ် ပြောင်းလဲရန်အဆိုပြုထား သည်။
တောင်သူများကို အကာအကွယ်ပေးရန် ရည်ရွယ်သည့် လုပ်ဆောင်ချက် အဖြစ် မျိုးစေ့ စျေးနှုန်းများကို ကန့်သတ်ရန်နှင့် မျိုးစေ့တု/မျိုးစေ့ညံ့များကြောင့် ထိခိုက်မှု ရှိပါက လျော်ကြေး ရရှိ စေရန်အတွက် အမျိုးသားအဆင့် စည်းမျဉ်း စည်းကမ်း ထိန်းကျောင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းရန် အကြံပြုထားသည်။ ကော်မတီသည် ၁၉၆၆ ခုနှစ် မျိုးစေ့အက်ဥပဒေကို အစားထိုး၍ မှတ်ပုံ တင်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ရယူခြင်းတို့ကို မဖြစ်မနေလုပ်ဆောင်ရမည့်အပြင် ပြစ်ဒဏ် များကို ပိုမို တင်းကျပ်ထားသည့် ခေတ်မီဥပဒေတစ်ခုဖြင့် အမြန်ဆုံးအစားထိုးရန် အလေးပေး ပြောကြားခဲ့သည်။
ဒေသအလိုက် မမျှတမှုများကို ဖြေရှင်းရန်အတွက် ၂၀၂၈ ခုနှစ်တွင် အရှေ့ပိုင်းနှင့် မြောက် အရှေ့ပိုင်းပြည်နယ်များ၌ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုဇုန်များ (Clusters) ဖော် ဆောင်ရန်နှင့် "တစ်စက်ချင်းစီမှ သီးနှံ ပိုမိုရရှိရေး" (Per Drop More Crop) စီမံကိန်းအောက်တွင် ရေသွင်း စိုက်ပျိုးမှုကို တိုးချဲ့ရန်၊ မိုးရေကိုသာ အားကိုးရသော ဒေသများတွင် စွန့်စားရမှုကို လျှော့ချ ရန်အတွက် အသေးစားရေသွင်းစနစ်၊ စိုက်ပျိုးရေးသုံး ရေကန်များနှင့် IoT အခြေခံ ရေစီမံခန့်ခွဲမှု စနစ်များကို အသုံးပြုရန်လည်း အလေးပေးဖော်ပြထားသည်။
တောင်သူများ၏ ဝင်ငွေတိုးတက်စေရန်အတွက် တောင်သူထုတ်လုပ်ရေးအဖွဲ့အစည်းများ (FPOs) ကို အားကောင်းစေရန်၊ ကုန်ချောထုတ်လုပ်သည့် စက်ရုံများ တည်ထောင်ရန်နှင့် 'Bharat Dal' ကဲ့သို့သော အမှတ်တံဆိပ်ဖြင့် ရောင်းချသည့် လုပ်ငန်းများကို တိုးချဲ့ရန် အကြံပြုထားပြီး၊ သင့်တင့်သော စျေးနှုန်းဖြင့် စားသုံးဆီများ ရရှိနိုင်ရန် 'Bharat Oil' အမှတ်တံဆိပ်အသစ်ကိုလည်း အဆိုပြုထားကြောင်း သိရှိရသည်။
Source: Business line, June 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
