
တောင်ကိုရီးယားနိုင်ငံ၏ စက်ရုံထုတ်လုပ်မှုလုပ်ငန်းများသည် ဇွန်လတွင် ခုနစ်လဆက်တိုက်အဖြစ် ဆက်လက်တိုးတက်လာခဲ့သော်လည်း ပို့ကုန်ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် ပြီးခဲ့သည့်လနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးသွားကြောင်း သိရပါသည်။ S&P Global မှ ထုတ်ပြန်သော ဝယ်ယူမှုမန်နေဂျာများ ညွှန်းကိန်း (PMI) သည် ဇွန်လတွင် ၅၂.၁ ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ငါးနှစ်ကျော်ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည့် မေလ၏ ၅၄.၈ အောက်သို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ၏ ဆက်လက်သက်ရောက်နေသည့် အကျိုးဆက်များကြောင့် ထုတ်လုပ်မှုနှင့် အမှာစာအသစ်များ တိုးတက်မှုနှုန်းမှာ ပိုမိုနှေးကွေးသွားခဲ့ပြီး၊ ပြည်ပပို့ကုန်အမှာစာ အသစ်များသည်လည်း နှစ်လဆက်တိုက် ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။
"ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ (ကုန်ပစ္စည်း) သယ်ယူပို့ဆောင်ရေး ကြန့်ကြာမှုများနှင့် ပြတ်လပ်မှုများကြောင့် သွင်းအားစုပစ္စည်းများကို ရှာဖွေရယူရာတွင် အခက်အခဲရှိနေခြင်းတို့က လုပ်ငန်းကဏ္ဍရဲ့ စွမ်းဆောင်ရည်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ကုမ္ပဏီအများစုက ဖော်ပြကြပါတယ်" ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Usamah Bhatti က ပြောကြားခဲ့ပါသည်။
ပြည်တွင်းစီးပွားရေး အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများနှင့် ကုန်ကြမ်းစျေးနှုန်းများ ရေရှည်မြင့်တက်နေနိုင်သည့် အလားအလာများကြောင့် ရှေ့လာမည့်နှစ်အတွက် စီးပွားရေးအပေါ် အကောင်းမြင်မျှော်လင့်ချက်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။
တောင်ကိုရီးယားနိုင်ငံ၏ စက်ရုံထုတ်လုပ်မှုသည် မေလတွင် နှစ်လဆက်တိုက် ကျဆင်းသွားခဲ့ပြီး မျှော်မှန်းချက်ထက် လျော့နည်းခဲ့ကြောင်း အင်္ဂါနေ့တွင် ထွက်ပေါ်လာသည့် အချက်အလက်များအရ သိရပါသည်။ သို့သော်လည်း ချစ်ပ် (Chip) တင်ပို့မှု အလွန်ကောင်းမွန်ခဲ့ခြင်း ကြောင့် ပထမသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ ခြောက်နှစ်နီးပါးကာလအတွင်း အားအကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
Source: CNA
DOCA (ရန်ကုန်)
