
ကမ္ဘာပေါ်တွင် ဖရဲသီးမျိုးပေါင်း ၁၂၀၀ ကျော်ရှိသည်ဟု သိရှိရပါသည်။ ဖရဲသီးသည် အရည်ရွှမ်းသော သစ်သီးတစ်မျိုးဖြစ်ပြီး ဖရဲပင်သည် သဲမြေ၊ သဲနုန်းမြေ၊ နုန်းမြေတို့တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။ ယခုဇူလိုင်လတွင် ဖရဲသီးမှာ အရည်ရွှမ်းပြီး အအေးစာဖြစ်သည့်အတွက် မိုးတွင်းကာလအချိန်တွင် အရောင်းပါးပြီး စိုက်ပျိုးထွက်ရှိမှုလည်း မရှိသလောက်နည်းပါးကာ ရာသီဥတုပူပြင်းသည့် နွေရာသီတွင် စားသုံးသူများပြားကြောင်း သိရပါသည်။ ဖရဲသီးကို လတ်လတ်ဆတ်ဆတ်ခွဲ၍ စားသုံးနိုင်သလို ရေခဲမုန့်၊ ဖျော်ရည်စသည်ဖြင့် ပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။
ဖရဲသီးတွင် ကျန်းမာရေးကို အထောက်အကူပြုနိုင်သော ဓါတ်သတ္တုများစွာပါဝင်ပြီး ဖရဲသီးဖျော်ရည်ကို နေ့စဥ်သောက်ပါက ဗီတာမင်စီ၊ ဗီတာမင်အေကို ရရှိနိုင်ပါသည်။ ဖရဲသီးတွင် ရေဓါတ်နှင့် သကြားဓါတ်များ ပါဝင်ပါသည်။ ရေဓါတ်များသော သစ်သီးတစ်မျိုးဖြစ်သောကြောင့် ရေငတ်ပြေစေပြီး မကြာခဏဆီးသွားစေသဖြင့် ကျောက်ကပ်ကို သန့်စင်စေသည်ဟုလည်းဆိုကြပါသည်။ ဖရဲသီးစားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဥ်းမှုကြောင့် သွေးကောင်းစွာမလည်ပတ်နိုင်မှုကို လျော့နည်းသက်သာစေနိုင်ပါသည်။ ခန္ဓာကိုယ်တွင်ရှိသော အဆိပ်အတောက်များကိုလည်း ဖယ်ရှားနိုင်စွမ်းရှိသည်ဟုလည်း ဆိုကြပါသည်။ ယနေ့စျေးကွက်အတွင်း မြိတ်မြို့တွင် အနီရောင်ဖရဲသီးကိုအများဆုံး တွေ့ရှိရပြီး အဝါရောင်ဖရဲသီးမှာတွေ့ရှိမှု နည်းပါးကာ မြိတ်မြို့ပေါ်ရှိစျေးများနှင့် သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဖရဲနီသီးစျေးနှုန်းမှာ ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် ဝန်းကျင်ခန့်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
