
Syngenta Group China သည် တရုတ်နိုင်ငံ၏ အာလူးစိုက်ပျိုးထုတ်လုပ်မှုစနစ်ကို ရေရှည်တည်တံ့စေရန်နှင့် အားလူးကုန်စည်စီးဆင်းမှုကွင်းဆက်ကို ပိုမိုခိုင်မာအားကောင်းစေရန်အတွက် McDonald’s China, McCain China တို့နှင့် နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်ကို စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာ ကုန်စည်ထောက်ပံ့မှုပြပွဲ (China International Supply Chain Expo)တွင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် McDonald’s ၏ အာလူးကြော် (French Fries) ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုသည့် အာလူးထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးများနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းဖြင့် အာလူးစိုက်ပျိုးခြင်း၊ ပံ့ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် Syngenta Group China သည် မြေဆီလွှာကျန်းမာရေး၊ မြေဩဇာနှင့် ရေပေး ဝေမှုမှန်ကန်စေရေး၊ သီးနှံထိန်းသိမ်းစောင့်ရှောက်မှု၊ ပေါင်းစပ်ပိုးမွှားစီမံခန့်ခွဲမှုူ၊ စိုက်ခင်းများကို စောင့်ကြည့်လေ့လာမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးများအပေါ် အဓိကထားသည့် သိပ္ပံနည်းကျအာလူးစိုက်ပျိုးမှုများကို လေ့လာအကဲဖြတ်သွားမည်ဖြစ်ပြီး အဆိုပါအစီစဉ်တွင် ကုမ္ပဏီ၏စိုက်ပျိုးရေး ဆိုင်ရာဖြေရှင်းချက်များ၊ ဒစ်ဂျစ်တယ်စိုက်ပျိုးရေးပလပ်ဖောင်း (MAP) ဝန်ဆောင်မှု စင်တာများ၏ကွန်ရက်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှု သည် တောင်သူလယ်သမားများ၏ ကုန်ထုတ်စွမ်းအားနှင့် ဝင်ငွေကိုမြှင့်တင်ပေးရင်း စိုက်ပျိုးရေး ကဏ္ဍတွင် ခံနိုင်ရည်ရှိစေမှု၊ အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုခြင်းတို့ အပေါ်အာရုံစိုက်ရန် လိုအပ်ချက်များကို ထင်ဟပ်ဖော်ပြနေကြောင်းနှင့် ထိုအစပျိုးလုပ်ဆောင်မှုသည် အာလူးတန်ဖိုး ကွင်းဆက်ကို ခိုင်မာစေရန်အတွက် စိုက်ပျိုးရေးနည်းပညာများနှင့် စိုက်ပျိုးရေးဝန်ဆောင်မှုူများကို ပေါင်းစပ်ထားကြောင်း Syngenta Group China ၏ ဥက္ကဌ Su Fu ကပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် McDonald’s China ၏ ကုန်စည်စီးဆင်းမှုဆိုင်ရာ အရာရှိချုပ် (Chief Supply Chain Officer) Jim Shiက ကုမ္ပဏီ၏ ထုတ်ကုန်အရည်အသွေးဆိုင်ရာများသည် စိုက်ပျိုးရေးအဆင့်မှစတင်ကြောင်းနှင့် ထိုပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့သော အာလူး ထုတ်လုပ်မှုကိုပံ့ပိုးပေးသည့်အပြင် တစ်သမတ်တည်းရှိသော ထောက်ပံ့မှုနှင့် အရည်အသွေးစံနှုန်းများကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်းပြောကြားပြီး McCain China ၏ မန်နေးဂျင်း ဒါရိုက်တာ Liu Linlin က ထိုပူးပေါင်း ဆောင်ရွက်မှုသည် McCain နှင့် McDonald’s တို့အကြား တရုတ်နိုင်ငံတွင် ရှိနှင့်ပြီးဖြစ်သောဆက်ဆံရေးကို အခြေခံထားပြီး၊ အာလူးစိုက်ပျိုးရေး ကဏ္ဍတစ်ခုတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များ၊ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခြေရာခံနိုင်မှုနှင့် အရည်အသွေးအာမခံချက်တို့ကို ပံ့ပိုးပေးရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Source : Global Agriculture
DOCA (ရန်ကုန်)
