
အင်ဒိုနီးရှားနိုင်ငံသည် အင်ဒိုနီးရှားရူပီး ၁ ဘီလီယံကျော်တန်ဖိုးရှိသော အေးခဲတူနာငါးအသား (Frozen Tuna Loin) ၁၁ မက်ထရစ်တန်ကို Maluku ဒေသမှတစ်ဆင့်ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါတင်ပို့မှုကို Maluku ပြည်နယ် Ambon မြို့ရှိ Yos Sudarso ဆိပ်ကမ်းမှ ဇူလိုင်လ ၂ ရက်နေ့တွင် စတင်တင်ပို့ခဲ့ခြင်းဖြစ်ပြီး မတင်ပို့မီ ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနကထုတ်ပေးသည့် ငါးလုပ်ငန်းထုတ်ကုန်အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးလက်မှတ် (SMKHP) ကို ရရှိခဲ့ကြောင်း သိရပါသည်။ ငါးလုပ်ငန်း ထုတ်ကုန် အရည်အသွေးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးအေဂျင်စီ၏ ယာယီအကြီးအကဲ Ishartini က ယခုတင်ပို့မှုသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာအစိုးရတို့ပူးပေါင်း၍ ပို့ကုန်ဈေးကွက်များ တိုးချဲ့ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ဆောင်ရွက်နေသည့် လက်တွေ့ကျသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အေးခဲတူနာငါးအသားသည် ပြည်ပသို့ ငါးလုပ်ငန်းထုတ်ကုန်တင်ပို့ရာတွင် မဖြစ်မနေလိုအပ်သည့် SMKHP လက်မှတ် ရရှိထားသဖြင့် နိုင်ငံတကာအစားအစာအရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီကြောင်း သိရပါသည်။ ထို့ပြင်အဆိုပါလက်မှတ်ကို နိုင်ငံတကာအစားအစာ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ဖြစ်သည့် Codex Alimentarius က အသိအမှတ်ပြုထားပြီး အင်ဒိုနီးရှားနိုင်ငံ၏ ငါးလုပ်ငန်းထုတ်ကုန်များသည် တင်သွင်းမည့်နိုင်ငံများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း အာမခံပေးနိုင်သည်ဟု သိရပါသည်။ ငါးလုပ်ငန်းထုတ်ကုန်များ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပြည်ပပို့ကုန်ဈေးကွက်များတွင် လက်ခံမှုရရှိရေးအတွက် အဓိကကျသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်းနှင့် အမျိုးသားအဆင့်အရည်အသွေးအာမခံစနစ်ကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်ခြင်းသည် အင်ဒိုနီးရှားပင်လယ်စာထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ပြည်ပဈေးကွက်များသို့ ဝင်ရောက်နိုင်မှုပိုမိုကျယ်ပြန့်လာစေရန် အစိုးရ၏မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သိဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
