Main menu

အမေရိကန် နာနတ်သီးစျေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်နိုင်တော့မည့် ဖိလစ်ပိုင်နိုင်ငံ

Powered by Drupal

        ဖိလစ်ပိုင်နိုင်ငံ အပင်စိုက်ပျိုးထုတ်လုပ်ရေးဦးစီးဌာန (BPI) သည် ပြည်တွင်းဖြစ် လယ်ယာထွက်ကုန်များ၏ စျေးကွက်နယ်ပယ်ကိုချဲ့ထွင်ရန် ကြိုးပမ်းနေစဉ်၊ လတ်ဆတ်သော နာနတ်သီး တင်ပို့မှုအတွက် အမေရိကန်နိုင်ငံ နာနတ်သီးစျေးကွက်သို့ ဝင်ရောက်ခွင့် ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

         BPI ညွှန်ကြားရေးမှူး Gerald Glenn Panganiban က ယခုနှစ်အတွင်း အမေရိကန် ဆိပ်ကမ်းအားလုံးသို့ နာနတ်သီးတင်ပို့ခွင့်ပေးရန် မိမိတို့ဌာန၏ အယူခံဝင်မှုကို အမေရိကန် တိရစ္ဆာန်နှင့် အပင်ကျန်းမာရေး စစ်ဆေးရေးဦးစီးဌာန (APHIS) က အတည်ပြုပေးလိမ့်မည်ဟု "မျှော်လင့်ချက်ရှိကြောင်း" ပြောကြားခဲ့ကြောင်း သိရသည်။

         BPI သည် ယခင်က ဖိလစ်ပိုင် နာနတ်သီးများကို အမေရိကန် မြောက်အတ္တလန္တိတ်ဒေသရှိ ဆိပ်ကမ်းများအပြင် Guam နှင့် မြောက်ပိုင်းမာရီယာနာကျွန်းစု (Northern Mariana Islands) နယ်မြေများသို့သာ တင်ပို့ခွင့်ရရှိထားသည့် လက်ရှိအခြေအနေမှ၊ အမေရိကန် ဆိပ်ကမ်း အားလုံးမှတစ်ဆင့် တင်သွင်းခွင့်ပြုရန် APHIS ထံ အစောပိုင်းက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

       သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အမျိုးပေါင်း ၄၀၀ ကျော်ကို ဖျက်ဆီးနိုင်သည့် အရှေ့တိုင်းသစ်သီးယင်ကောင် (oriental fruit fly) အပါအဝင် ပိုးမွှားများ ဝင်ရောက်လာနိုင်ခြေကို ကာကွယ်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ တင်ပို့မှုများကို ယခင်က သတ်မှတ်ထားသော အမေရိကန်ဆိပ်ကမ်းအချို့တွင်သာ ကန့်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

         အမေရိကန်သို့ တင်ပို့မည့် ကုန်ပစ္စည်းများသည် သစ်သီးယင်ကောင်ဒဏ်ခံနိုင်သော မျိုးစိတ်ဖြစ်ပါက သို့မဟုတ် ပိုးမွှားကင်းစင်ရေးဆိုင်ရာ သန့်စင်မှုလုပ်ငန်းစဉ် ပြုလုပ်ထားမည်ဆိုပါက ဖိလစ်ပိုင်နိုင်ငံအား စျေးကွက်ဝင်ရောက်ခွင့် ပိုမိုတိုးမြှင့်ပေးရန် APHIS ဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

       ဖိလစ်ပိုင်နိုင်ငံမှ တင်ပို့မည့် လတ်ဆတ်သော နာနတ်သီးများသည် အဆိုပါဖျက်ပိုး၏ လက်ခံပင် (host) ဟု မသတ်မှတ်ထားသော Smooth Cayenne နာနတ်သီးမျိုးနွယ် အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်ကြောင်း APHIS က ပြောကြားခဲ့ပါသည်။ အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော အခြားနာနတ်သီးမျိုးစိတ်များဖြစ်ပါက ဓာတ်ရောင်ခြည်ပေးခြင်း သို့မဟုတ် အငွေ့ပျံအပူပေးခြင်းစသည့် ပိုးမွှားကင်းစင်ရေး လုပ်ငန်းစဉ်များ လိုအပ်မည်ဖြစ်ကြောင်း သိရပါသည်။

         ဖိလစ်ပိုင်နိုင်ငံအတွက် အဆိုပြုထားသည့် အဆိုပါစျေးကွက်ချဲ့ထွင်မှုအပေါ် သက်ဆိုင်သူများ၏ အကြံပြုချက်များကို သြဂုတ်လ ၁၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း APHIS က ပြောကြားခဲ့ပါသည်။ အဆိုပါ အကြံပြုချက်များသည် ဖိလစ်ပိုင်နိုင်ငံ၏ လတ်ဆတ်သော နာနတ်သီးတင်ပို့မှုအပေါ် ဆိပ်ကမ်းကန့်သတ်ချက်များကို ပြင်ဆင်ခြင်း ရှိ/ မရှိ ဆုံးဖြတ်ရာတွင် အမေရိကန်အေဂျင်စီအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရပါသည်။

         နှစ်စဉ် တင်ပို့မှုပမာဏ မက်ထရစ်တန် (MT) ၆၀၀ ခန့်ရှိရာမှ၊ ယခုကဲ့သို့ စျေးကွက်ဝင်ရောက်ခွင့် ပိုမိုရရှိလာပါက ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်သို့ လတ်ဆတ်သော နာနတ်သီး မက်ထရစ်တန်ပေါင်း ၁၉,၂၀၀ ခန့် နှစ်စဉ် တင်ပို့နိုင်လိမ့်မည်ဖြစ်ကြောင်း BPI မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။

         အထူးသဖြင့် အဆိုပါ ကုန်စည်ကို အရှေ့အလယ်ပိုင်းအပါအဝင် စျေးကွက်များစွာတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သောကြောင့် မကြာသေးမီလများအတွင်း ဖိလစ်ပိုင် နာနတ်သီးဝယ်လိုအားမှာ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန (DA) ၏ အစောပိုင်း ထုတ်ပြန်ချက်အရ ဇွန်လ ၂၈ ရက်နေ့တွင် MD2 နာနတ်သီးမျိုးစိတ် မက်ထရစ်တန် ၁၈ တန်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ရောက်ရှိခဲ့ပြီး၊ ယင်းက ထိုဒေသအတွင်း ဖိလစ်ပိုင်၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ခြေလှမ်းကို ပိုမိုကျယ်ပြန့်စေရန် အထောက်အကူပြုခဲ့ကြောင်း သိရပါသည်။

       ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအများဆုံး နာနတ်သီးတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး၊ တင်ပို့မှုပမာဏမှာ ၂၀၂၄ ခုနှစ်က တင်ပို့ခဲ့သည့် မက်ထရစ်တန် ၆၈၂,၃၈၃ ထက် ၁၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ကာ ခန့်မှန်းခြေ မက်ထရစ်တန် ၇၇၅,၀၂၈ အထိ ရှိခဲ့ကြောင်း သိရပါသည်။

     ထို့အပြင် ရှောက်ချိုသီး (pomelos) နှင့် ငှက်ပျောသီး အပါအဝင် ပြည်တွင်းသီးနှံများ၏ ဝယ်လိုအားကို ပံ့ပိုးပေးနိုင်ရန်အတွက် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ အခြားအလားအလာရှိသော စျေးကွက်များသို့ ပိုမိုဝင်ရောက်နိုင်ရေး BPI က တွန်းအားပေး ဆောင်ရွက်နေကြောင်း သိရပါသည်။

Source: Manila Bulletin                                                              

DOCA (ရန်ကုန်)