Main menu

တရုတ်နှင့် အီရတ်သည် ဗီယက်နမ်၏ ဆန်တင်ပို့မှု မြင့်တက်လာစေသည့် တွန်းအားဖြစ်လာ

Powered by Drupal

    စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (MAE) ၏ အဆိုအရ ဇူလိုင်လ အစော ပိုင်းတွင် ဗီယက်နမ်ဆန်ဈေးနှုန်းများသည် တစ်တန်လျှင် ၃ ဒေါ်လာမှ ၈ ဒေါ်လာအထိ အနည်းငယ် မြင့်တက်လာခဲ့သည်။ ဂျက်စမင် (Jasmine) ဆန်ဈေးနှုန်းသည် ၈ ဒေါ်လာ မြင့်တက်ပြီး တစ်တန် လျှင် ၅၂၀ ဒေါ်လာ ဖြစ်လာခဲ့ကာ ၅ မတ် ရနံ့မွှေးဆန်မှာမူ ၅ ဒေါ်လာ မြင့်တက်ကာ တစ်တန်လျှင် ၅၁၀ ဒေါ်လာသို့ ရောက်ရှိလာခဲ့သည်။

    အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံ အပါအဝင် အာရှဒေသတွင်း အဓိက ဆန်တင်ပို့သည့် အခြားနိုင်ငံများတွင်လည်း ဆန်ဈေးနှုန်းများသည် တစ်တန်လျှင် ၂ ဒေါ်လာမှ ၇ ဒေါ်လာအထိ မြင့်တက် ခဲ့သည်။ အယ်လ်နီညို (El Niño) ဖြစ်စဉ် ပိုမိုပြင်းထန်လာပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်များကို ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် ဆန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေဦးမည်ဟု MAE က ခန့်မှန်းထားသည်။

    ၂၀၂၆ ခုနှစ်၏ ပထမခြောက်လပတ်အတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၅.၂ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့သော်လည်း ပျမ်းမျှ ဆန် တင်ပို့မှုဈေးနှုန်းသည် ၁၁.၃ ရာခိုင်နှုန်း ကျဆင်းကာ တစ်တန်လျှင် ၄၅၉.၆ ဒေါ်လာသာ ရှိခဲ့ခြင်း ကြောင့် ပို့ကုန်ရရှိငွေမှာ ၂.၅ ရာခိုင်နှုန်း လျော့နည်းသွားပြီး ၂.၄ ဘီလီယံဒေါ်လာသာ ရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်၏ အဓိက ဆန်တင်ပို့ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး စုစုပေါင်း ဆန်တင်ပို့မှု၏ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

    အဓိက ဝယ်ယူသူနိုင်ငံများအကြားတွင် တရုတ်နိုင်ငံသည် တိုးတက်မှုအများဆုံးဖြစ်သည်။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၈၇ ရာခိုင်နှုန်း မြင့်တက် လာပြီး တန်ချိန် ၁ သန်းကျော်အထိ ရောက်ရှိခဲ့သည်။ ယင်းကြောင့် ဗီယက်နမ်၏ စုစုပေါင်း ဆန် တင်ပို့မှုတွင် တရုတ်နိုင်ငံ၏ ဝေစုမှာ ၁၉.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ယင်းသည် မကြာသေးမီ နှစ်များအတွင်း အမြင့်ဆုံး စံချိန်တင်ပမာဏ ဖြစ်သည်။

    တရုတ်နိုင်ငံသည် အစဉ်အလာအရ ဗီယက်နမ်၏ ရနံ့မွှေးဆန်အမျိုးအစားများဖြစ်သော အထူး သဖြင့် ST25 နှင့် ကောက်ညှင်းဆန်များကို အဓိကတင်ပို့ရရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းလာသည့်အခါ တရုတ်ဈေးကွက်သည် ဆန်တင်သွင်းမှုကို တိုးမြှင့် လေ့ရှိပြီး အဆိုပါအချက်သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဆန်ဝယ်ယူမှု သိသိသာသာ မြင့်တက် လာရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့သည်။

    အီရတ်နိုင်ငံသည်လည်း လျင်မြန်စွာ တိုးတက်လာသည့် ဈေးကွက်တစ်ခုအဖြစ် ပေါ်ထွက်လာ ပြီး ဗီယက်နမ်ဆန် တင်သွင်းမှုသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃၂.၄ ဆ အထိ မြင့်တက် လာခဲ့ပြီး ဗီယက်နမ်၏ အကြီးဆုံး ဆန်တင်ပို့ရာ ဈေးကွက် ၁၅ ခုစာရင်းတွင် ပါဝင်လာခဲ့သည်။

    MAE ၏ အဆိုအရ အရှေ့အလယ်ပိုင်းဒေသသည် အစဉ်အလာအားဖြင့် ထိုင်းဆန်အပေါ်တွင် သာ အဓိကမှီခိုအားထားခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိဖြစ်ပွားနေသော ဒေသတွင်း ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံ၏အရှေ့အလယ်ပိုင်းသို့ ဆန်တင်ပို့မှု လမ်းကြောင်းများ ပြတ်တောက် သွားခဲ့ရာ ယင်းအခြေအနေက ဗီယက်နမ်ဆန်တင်ပို့သူများအတွက် ၎င်းတို့၏ ဈေးကွက်ကို ချဲ့ထွင်ရန် အခွင့်အလမ်းများ ဖြစ်လာစေခဲ့သည်။

     အရှေ့အလယ်ပိုင်းဒေသသို့ ဆန်ပိုမိုတင်ပို့နိုင်ခြင်းသည် ဗီယက်နမ်၏ ပို့ကုန်ဈေးကွက်ကို စုံလင်ကွဲပြားစေရုံသာမက နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်ဆန်၏ ဂုဏ်သတင်းကိုလည်း ပိုမို မြင့်မားစေနိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: Vietnam Investment Review, 06 July 2026, (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)